CNI Sport News  

၂၀၂၆ ခုနှစ်၊ မေလ ၂၇

မန်စီးတီးအသင်းဟာ နည်းပြဂွာဒီယိုလာနဲ့အတူ သူတို့ရဲ့အံ့သြဖွယ်ကောင်းတဲ့ ခရီးစဉ်အဆုံးသတ်သွားခဲ့ပြီးနောက် တိုက်စစ်မှူးဟာလန်းက သူတို့ဟာ အရာအားလုံးကို အနိုင်ရဖို့ဆက်တိုက်ပွဲဝင်သွားမယ်လို့ ပြောခဲ့ပါတယ်။ 

ဟာလန်းက “ကျနော်တို့ဟာ အကြီးမားဆုံးဆုဖလားတွေရယူနိုင်ဖို့ ကြိုးစားသွားမှာပါ။ ဒါက ကျနော်တို့အနိုင်ရချင်တဲ့ အရာဖြစ်တဲ့အတွက် အရာအားလုံးကို ပြန်ပြီးအနိုင်ရဖို့တိုက်ပွဲဝင်သွားမှာပါ။ ဘာနာဒို၊ဂျွန်၊နည်းပြဂွာဒီယိုလာတို့နဲ့ လက်တွဲရတာဟာ ကျေနပ်ဖို့ကောင်းပါတယ်။ အံ့သြစရာကောင်းတဲ့ ခရီးဖြစ်ပေမယ့် သူတို့မရှိရင်တောင် ကျနော်တို့ဆက်ကြိုးစားပြီး တိုက်ပွဲဝင်သွားရမှာပါ။ သူတို့ဟာ ကလပ်ရဲ့ဂန္ထဝင်တွေပါ”လို့ ပြောခဲ့တာပါ။ 

စပိန်လူမျိုးနည်းပြဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ၁၀ နှစ်ကြာကိုင်တွယ်ပြီးနောက် ဒီနွေရာသီမှာ ထွက်ခွာပြီဖြစ်ပါတယ်။ 

ဒါ့အပြင် အသင်းမှာနှစ်ပေါင်းများစွာကြာကစားခဲ့တဲ့ အသင်းခေါင်းဆောင်ဘာနာဒိုဆေးလ်ဗားနဲ့ နောက်ခံလူဂျွန်စတုန်းစ်တို့လည်း စာချုပ်ကုန်ဆုံးပြီဖြစ်လို့ ထွက်ခွာမှာပါ။ 

မန်စီးတီးအသင်းဟာ ရာသီအပြီးဆုဖလားတွေနဲ့အောင်ပွဲခံမှုပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ ဂွာဒီယိုလာ၊ဘာနာဒိုဆေးလ်ဗားနဲ့ဂျွန်စတုန်းစ်တို့ကို နှုတ်ဆက်မှုပြုလုပ်ခဲ့ကြပါတယ်။ 

ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ကိုင်တွယ်ခဲ့တဲ့ ၁၀ နှစ်အတွင်း ဆုဖလား ၂၀ ခုရယူပေးနိုင်ခဲ့ပြီး ဟာလန်းကတော့ ဂွာဒီယိုလာထွက်ခွာသွားပေမယ့် အသင်းဟာ ဆုဖလားအောင်မြင်မှုတွေရယူနိုင်တယ်လို့ ပြောခဲ့တာပါ။ 

မန်စီးတီးအသင်းဟာ ဂွာဒီယိုလာရဲ့နေရာမှာ ချယ်လ်ဆီးအသင်းနည်းပြဟောင်း မာရက်စ်ကာကို နည်းပြသစ်အဖြစ်ခန့်အပ်မှာ ဖြစ်ပါတယ်။ 

မာရက်စ်ကာဟာ မန်စီးတီးအသင်းမှာ ဂွာဒီယိုလာရဲ့နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။