CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၇
ကိုဗင်ထရီအသင်းကို ပရီးမီးယားလိဂ်ထံ ပြန်ပြီးရောက်ရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ နည်းပြဖရန့်လမ်းပတ်ဟာ လိဂ်မန်နေဂျာများအဖွဲ့အစည်း (LMA)ရဲ့တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ပါတယ်။
ကိုဗင်ထရီအသင်းဟာ၂၀၂၅-၂၆ ရာသီချန်ပီယံရှစ်ပြိုင်ပွဲမှာ ရမှတ် ၁၁ မှတ်အသာနဲ့ ချန်ပီယံဖြစ်ပြီး ၂၀၀၀-၀၁ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ထံ တန်းပြန်တက်နိုင်ခဲ့တာပါ။
လိဂ်မှာရှိတဲ့ နည်းပြတွေရဲ့မဲပေးရွေးချယ်မှုနဲ့ ချီးမြှင့်တဲ့ ဒီဆုကို ယူနိုက်တက်အသင်းနည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ဆုလို့လည်း ခေါ်ဆိုတာဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်အတွက် LMA ဆုကို အင်္ဂလန်အသင်းနည်းပြတူချယ်လ်က ဖရန့်လမ်းပတ်ကို ဆုချီးမြှင့်ပေးခဲ့ပြီး ဆာအဲလက်စ်ဖာဂူဆန်ပေးတဲ့ စာကို ဖတ်ပြခဲ့ပါတယ်။

ဒီစာထဲမှာ လမ်းပတ်ရဲ့ကိုဗင်ထရီအသင်းဟာ ယုံကြည်မှုအပြည့်နဲ့ ကောင်းမွန်တဲ့ ဘောလုံးကစားခဲ့ပြီး သူတို့ရဲ့ပွဲတွေကို ကြည့်ရတာနှစ်သက်ကြောင်းနဲ့ လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးဖြစ်ဖို့ ဆန္ဒပြုကြောင်း ရေးသားထားပါတယ်။
ဖရန့်လမ်းပတ်ဟာ LMA တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို အာဆင်နယ်အသင်းနည်းပြအာတီတာ၊အက်စတွန်ဗီလာအသင်းနည်းပြ အူနှိုင်းအမ်မရီ၊ဘုန်းမောက်အသင်းနည်းပြအီရာအိုလာနဲ့ မန်စီးတီးအသင်းနည်းပြဂွာဒီယိုလာတို့ကို မဲအသာရပြီး ရရှိခဲ့တာပါ။
ဒီဆုဟာ လမ်းပတ်အတွက် သူ့ရဲ့နည်းပြဘဝမှာ အကြီးမားဆုံးတစ်ဦးချင်းဂုဏ်ပြုဆုလည်း ဖြစ်ခဲ့ပါတယ်။
လမ်းပတ်ဟာ ဒါဘီ၊ချယ်လ်ဆီးနဲ့ အဲဗာတန်အသင်းတို့ကို ကိုင်တွယ်ချိန်မှာ အောင်မြင်မှုမရခဲ့ပေမယ့် ကိုဗင်ထရီအသင်းကိုတော့ အောင်မြင်မှုရယူပေးနိုင်ခဲ့တာပါ။
ကိုဗင်ထရီအသင်းဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံးအသင်းဖြစ်သလို ခံစစ်မှတ်တမ်းကောင်းကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။
