CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၈

ချယ်လ်ဆီးအသင်းဂန္ထဝင် ဖရန့်လမ်းပတ်ဟာ ကနေဒါလက်ရွေးစင် နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ လျာထားတဲ့ စာရင်းထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

ဖရန့်လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့ ပြီးခဲ့တဲ့ ရာသီပြီးကတည်းက ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်း မရှိသေးတာပါ။ 

အင်္ဂလန်ကစားသမားဟောင်းဟာ နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်ချင်တယ်လို့ ပြောထားပေမယ့် အခွင့်အရေးကောင်းတွေကို စောင့်မျှော်နေတာ ဖြစ်ပါတယ်။ 

The Telegraph က ကနေဒါဘောလုံးအဖွဲ့ချုပ်ဟာ နိုင်ငံအသင်းကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ကိုင်တွယ်မယ့် နည်းပြသစ်ကို ရှာဖွေနေပြီး နည်းပြလောင်းစာရင်းထဲမှာ ဖရန့်လမ်းပတ်ကို ထည့်သွင်းထားခဲ့တယ်လို့ ဖော်ပြထား တာပါ။

ကနေဒါနိုင်ငံဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကိုနိုင်ငံတို့နဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပ သွားမှာ ဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ ကနေဒါအသင်းကို နည်းပြဟောင်း ဟာ့ဒ်မန်းရဲ့လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ဘီရယ်လ်လိုက ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတာပါ။ 

 ဖရန့်လမ်းပတ်ကို တွေ့ရစဉ်

နည်းပြဟောင်း ဟာ့ဒ်မန်းဟာ ကနေဒါအသင်းကို ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့ပေမယ့် အသင်းဟာ အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

ဖရန့်လမ်းပတ်ဟာ သူ့ရဲ့မျိုးဆက်တွေထဲမှာ အကြီးကျယ်ဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ ရပေမယ့် နည်းပြဘဝမှာတော့ အောင်မြင်မှု ရယူနိုင်ခြင်း မရှိသေးပါဘူး။ 

ဖရန့်လမ်းပတ်ဟာ နည်းပြဘဝမှာ ဒါဘီ၊ ချယ်လ်ဆီးနဲ့ အဲဗာတန်အသင်းတို့ကို ကိုင်တွယ်ခဲ့ပြီး အသင်းဟောင်း ချယ်လ်ဆီးနဲ့ အဲဗာတန်အသင်းတို့ကို အစပိုင်းမှာ ရလဒ်ကောင်းတွေရရှိအောင် လမ်းညွှန်ပေးနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ကနေဒါအသင်းဟာ လာမယ့်ဇွန်ထဲမှာ ကိုပါအမေရိကဖလား ပြိုင်ပွဲရှိတာကြောင့် ဒီပြိုင်ပွဲမတိုင်ခင် နည်းပြသစ် အမြန်ဆုံး ခန့်အပ်နိုင်ဖို့ လုပ်ဆောင်နေတာပါ။ 

ကနေဒါအသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ လက်ရှိချန်ပီယံ အာဂျင်တီးနား၊ ပီရူး၊ ချီလီအသင်းတို့နဲ့ အုပ်စု A မှာ ကျရောက်နေတာ ဖြစ်ပါတယ်။ 

Source: Metro