CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃

စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင်တယ်လို့ သတင်းတွေ ထွက်နေတဲ့ ချယ်လ်ဆီး အသင်း နည်းပြဟောင်း ဖရန့်လမ်းပတ်က နည်းပြလောကထဲကို အလျင်စလို ပြန်လာမှာမဟုတ်ဘူးလို့ ပြောလိုက် ပါတယ်။

ဖရန့်လမ်းပတ်က “လက်ရှိအခြေအနေတွေက ကျနော့်အတွက်ကောင်းပြီး ဖိအားတွေလည်း မရှိပါဘူး။ အနည်း ငယ် အားပြန်ဖြည့်ပြီး အလုပ်လုပ်တဲ့ အချိန်တုန်းက လုပ်ခွင့်မရတဲ့ အရာတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကြိုးစား ရှာဖွေတာက အရေးကြီးတယ်လို့ ထင်ပါတယ်။ ပရီးမီးယားလိဂ်မှာ အလုပ်လုပ်ရတာက တကယ်ကို ကောင်းပြီး နည်းပြတိုင်းက သူတို့ကိုယ်သူတို့ မျှော်လင့်ချက်တွေ ထားကြပါတယ်။ ခင်ဗျားက အကောင်းဆုံး ဖြစ်ချင်တဲ့ အတွက် ဒါတွေက မလွယ်ကူပါဘူး”လို့ Sky Sports ကို ပြောခဲ့တာပါ။

ဖရန့်လမ်းပတ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ချယ်လ်ဆီးအသင်းကို ယာယီနည်းပြအဖြစ် ရာသီအကုန်ထိ ကိုင်တွယ်ပြီးနောက် အနားယူနေတာ ဖြစ်ပါတယ်။ 

 ဖရန့်လမ်းပတ်ကို တွေ့ရစဉ်

ရိန်းဂျားစ်အသင်းဟာ အခုနှစ် ဘောလုံးရာသီ ရလဒ်ဆိုးတွေကြောင့် မကြာသေးခင်ကမှ နည်းပြဖြစ်သူ မိုက်ကယ်ဘီယယ်လ်ကို ရာထူးက ထုတ်ပယ်ပြီး နည်းပြသစ် ရှာဖွေနေတာပါ။

ရိန်းဂျားစ်အသင်း နည်းပြသစ် ဖြစ်လာဖို့ ချိတ်ဆက် ခံခဲ့ရတဲ့သူတွေထဲမှာ ဖရန့်လမ်းပတ်လည်း တစ်ဦး အပါအဝင် ဖြစ်ပါတယ်။

ဒါပေမယ့် အင်္ဂလန် ကစားသမားဟောင်းကတော့ အခုအချိန်မှာ ရိန်းဂျားစ်အသင်း အပါအဝင် ဘယ်အသင်းကိုမှ ကိုင်တွယ်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောခဲ့တာပါ။ 

ရိန်းဂျားစ်အသင်းဟာ ဖရန့်လမ်းပတ်ရဲ့ အင်္ဂလန် လက်ရွေးစင် အသင်းဖော်ဟောင်း စတီဗင်ဂျရတ် ကိုင်တွယ် ခဲ့ချိန်တုန်းက အောင်မြင်မှု ရခဲ့ပေမယ့် နောက်ပိုင်းမှာ ရလဒ်တွေဆိုးခဲ့ပြီး အခုနှစ် ဘောလုံးရာသီ စကော့တလန် လိဂ် ထိပ်ဆုံးနေရာမှာ ဦးဆောင်နေတဲ့ ဆဲလ်တစ်အသင်းနဲ့ ၇ မှတ်ကွာဟနေပါတယ်။

ရိန်းဂျားစ်အသင်း နည်းပြသစ်ဖြစ်လာဖို့ AZ အယ်လ်ခမာ အသင်းနည်းပြ ပါစကယ်လ်ဂျန်ဆန်က ရေပန်းစားနေ တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

Source: Daily Mail