CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၀

ယူနိုက်တက်နဲ့ အာဆင်နယ်အသင်း ကစားသမားဟောင်း ဗန်ပါစီဟာ နယ်သာလန်ကလပ် ဟီရန်ဗင်းအသင်းကို ဒီရာသီအကုန်မှာ နည်းပြသစ်အဖြစ် ကိုင်တွယ်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အသက် ၄၀ နှစ်အရွယ်ရှိ ဗန်ပါစီဟာ လူငယ်အသင်းတွေကိုသာ ကိုင်တွယ်ထားရသေးပြီး သူ့ရဲ့ပထမဆုံး အသင်းကြီး နည်းပြအဖြစ် ဟီရန်ဗင်းအသင်းကို ကိုင်တွယ်ရဖို့ ရှိနေတာပါ။ 

ဗန်ပါစီဟာ ဖီယင်နုအသင်းမှာ ကစားသမားဘဝကို အဆုံးသတ်ပြီးနောက် ၂၀၂၀ ခုနှစ်မှာ ဖီယင်နုအသင်းရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ 

နောက်ပိုင်းမှာ ဗန်ပါစီဟာ ဖီယင်နု ယူ-၁၆၊ ယူ-၁၈နဲ့ ယူ-၁၉ အသင်းတွေမှာ ပူးတွဲနည်းပြချုပ်အဖြစ် တာဝန်ယူ ခဲ့တာ ဖြစ်ပါတယ်။

ဗန်ပါစီဟာ ဒီရာသီအစောပိုင်းက သူ့ရဲ့ UEFA ပရိုလိုင်စင် အစိတ်အပိုင်း ပြီးမြောက်ဖို့အတွက် အသင်းဟောင်း ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့ကာ လေ့ကျင့်ခန်း အစီအစဉ်တွေကို ကြည့်ရှုပြီး နည်းပြအဖွဲ့ဝင်တွေနဲ့ စကားပြောဆိုခဲ့တာပါ။ 

 ဗန်ပါစီကို တွေ့ရစဉ်

ဗန်ပါစီဟာ ဟီရန်ဗင်းအသင်း ဒါရိုက်တာနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့အပြီးမှာ နည်းပြလောကထဲကို ဝင်ရောက်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဟီရန်ဗင်းအသင်းရဲ့ နည်းပြလောင်း စာရင်းထဲမှာ ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းလည်း ပါဝင်နေတာပါ။

နစ္စတယ်ရွိုင်းဟာ ဒတ်ချ်ကလပ် PSV အသင်းကို ကိုင်တွယ်ခဲ့တုန်းက အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာကြောင့် သူဟာ ဟီရန်ဗင်းအသင်းကို ကိုင်တွယ်ဖို့မရှိဘဲ ထိပ်တန်းအသင်းကြီးတွေကို ကိုင်တွယ်ဖို့ ရှာဖွေနေတာ ဖြစ်ပါတယ်။

ဟီရန်ဗင်းအသင်းဟာ ဒီရာသီ ဒတ်ချ်လိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေပြီး နည်းပြဖြစ်သူ ဗန်ဝန်ဒီရန်ဟာ ဒီရာသီအကုန်မှာ ထွက်ခွာဖို့ စီစဉ်ထားတာပါ။ 

ဗန်ပါစီဟာ ၂၀၂၂ ခုနှစ်နွေရာသီက ယူနိုက်တက်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ နည်းပြ အဲရစ်တန်ဟတ်ရဲ့ နည်းပြ အဖွဲ့ဝင်ထဲမှာပါဝင်ဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်ခြင်းခံခဲ့ရသေးပါတယ်။

ဒါပေမယ့် ဗန်ပါစီဟာ မိသားစု အကြောင်းပြချက်နဲ့ ဒီအခွင့်အရေးကို ငြင်းပယ်ခဲ့တာပါ။ ဗန်ပါစီဟာ လက်ရှိအချိန် မှာ ဖီယင်နု လူငယ်အသင်းတွေကို ကိုင်တွယ်နေတာ ဖြစ်ပါတယ်။

Source: Metro