CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၀

အာဆင်နယ်အသင်းနည်းပြ အာတီတာက ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ အိမ်ကွင်းပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ သရေကျခဲ့ပေမယ့် ဒုတိယအကျော့အဝေးကွင်းပွဲစဉ်မှာ အနိုင်ယူဖို့ ယုံကြည်မှုရှိတယ်လို့ ပြောခဲ့ပါတယ်။

အာတီတာက “ဒီပွဲဟာ မတူညီတဲ့အခိုက်အတန့်တွေရှိခဲ့ပါတယ်။ ကျနော်တို့ကောင်းမွန်စွာ စတင်နိုင်ခဲ့သလို အသာစီးလည်းကစားနိုင်ခဲ့ပါတယ်။ ၂ ဂိုး-ဂိုးမရှိဖြစ်နိုင်မယ့် အခွင့်အရေးသာ ဂိုးရခဲ့ရင် အလွန်ခြားနားတဲ့ ပွဲ ဖြစ်သွားမှာပါ။ ချန်ပီယံလိဂ်မှာက အမှားလုပ်မိရင် အပြစ်ပေးခံရမှာပါ။ ဒုတိယအကျော့မှာမြူးနစ်ကို သွားပြီး သူတို့ကို အနိုင်ယူနိုင်တယ်ဆိုတာ ကျနော်ယုံကြည်မှုအများကြီးရှိပါတယ်။ ဒီအတွက် ကောင်းမွန်စွာ ပြင်ဆင်ရမယ်” လို့ TNT Sports ကိုပြောခဲ့တာပါ။

အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်ဟာ ၂ ဂိုးစီသရေနဲ့ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ဆာကာက အာဆင်နယ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် ဂနာဘရီနဲ့ ဟာရီကိန်းတို့က ဘိုင်ယန်မြူးနစ်အသင်းအတွက် ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ပြန်သွင်းခဲ့တာကြောင့် ပထမပိုင်း အပြီးမှာ ဘိုင်ယန်မြူးနစ်အသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရနေခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ ထရိုဆာ့ဒ်က အာဆင်နယ်အသင်းအတွက် ချေပဂိုးသွင်းယူခဲ့တာကြောင့် ၂ ဂိုးစီသရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲစဉ်ရဲ့ နောက်ဆုံးမိနစ်မှာ ဆာကာကို ဘိုင်ယန်မြူးနစ်အသင်းဂိုးသမား နူအာက ဂိုးဧရိယာအတွင်း ပြစ်ဒဏ် ကျူးလွန်ခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ ပင်နယ်တီရရှိသင့်တယ်လို့ ခံစားနေရတာပါ။ ဒါပေမယ့် ကွင်းလယ်ဒိုင်လူကြီး ပင်နယ်တီမပေးခဲ့သလို VAR ကလည်း ဒီ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အာတီတာက “ဒါနဲ့ပတ်သက်ပြီး ဒိုင်လူကြီးက ဘာမှမပြောပါဘူး။ သူတို့ဟာ ဒီအဖြစ်အပျက်ကို စစ်ဆေးခဲ့ပြီး ပင်နယ်တီမပေးဖို့ ဆုံးဖြတ်ခဲ့တယ်”လို့ ပြောခဲ့တာပါ။

ဘိုင်ယန်မြူးနစ်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို ဧပြီ ၁၈ ရက် မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

Source:DailyMail