CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၀

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ သူတို့ရဲ့ ကစားပုံကောင်းမွန်ခဲ့ပေမယ့် အနိုင်မရခဲ့တာကြောင့် စိတ်ပျက်မိတယ်လို့ ပြောခဲ့ပါတယ်။

အန်ဆယ်လော့တီက “ကျနော်တို့ဟာ ၃ ဂိုး-၁ ဂိုးနဲ့ ဦးဆောင်နေတဲ့အချိန်မှာ အခွင့်အရေးတွေ ရခဲ့တာကြောင့် နိုင်သင့်တဲ့ပွဲပါ။ ဒါပေမယ့် ကျနော်တို့ ပြန်လာနိုင်ဖို့ ယုံကြည်မှုမရှိရင် ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်သွားနိုင်ပါတယ်။ ကျနော်တို့အတွက် အလွန်ကောင်းမွန်တဲ့ ပွဲဖြစ်ခဲ့ပြီး အခွင့်အရေးတွေလည်း အများကြီးရခဲ့ပါတယ်။ သူတို့ကလည်း အလွန်ကောင်းမွန်တဲ့ ၂ ဂိုးကို သွင်းယူခဲ့ပြီး နောက်ဆုံးမှာတော့ ရလဒ်က လုံလောက်မှုရှိခဲ့ပါတယ်”လို့ ပြောပါ တယ်။

ရီးရယ်လ်နဲ့ မန်စီးတီးအသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ဟာ အပြန်အလှန် သွင်းဂိုးတွေနဲ့ ကြည့်ကောင်းခဲ့ပြီး ၃ ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ 

ဒီပွဲမှာ ရီးရယ်လ်အသင်းအတွက် ဂိုးတွေကို ရိုဒရီဂို၊ ဗယ်လ်ဗာဒီနဲ့ မန်စီးတီးနောက်ခံလူ ရူဘင်ဒီယက်ဇ်က ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့တာပါ။ 

မန်စီးတီးအသင်းအတွက် ဂိုးတွေကိုတော့ ဘာနာဒိုဆေးလ်ဗား၊ ဖိုဒန်နဲ့ ဂျီဗာဒီရယ်လ်က သွင်းယူခဲ့တာ ဖြစ်ပါ တယ်။

ဂွာဒီယိုလာနဲ့ အန်ဆယ်လော့တီကို တွေ့ရစဉ်

ရီးရယ်လ်နဲ့ မန်စီးတီးအသင်းတို့ဟာ ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ တွေ့ဆုံခဲ့တုန်းက ဘာနေဗျူးမှာ သရေကျခဲ့ပေမယ့် မန်ချက်စတာမှာတော့ မန်စီးတီးအသင်းက ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။ 

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဘာနေဗျူးမှာထက် အိမ်ကွင်းမှာ ဒုတိယအကျော့ ကစားရတာကို ပိုပြီး နှစ်သက်တယ်လို့ ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “ကျနော်တို့ဟာ ဒီရလဒ်ကို အိမ်ကွင်း ယူဆောင်သွားရမှာပါ။ အခုအချိန်မှာ ကျနော်တို့ဟာ နောက်တစ်ဆင့်တက်ဖို့ ရေပန်းအစားဆုံးလားဆိုတာ မသိပါဘူး။ သေချာတာကတော့ ကျနော်တို့ဟာ ဆီမီးဖိုင်နယ်ကို တက်နိုင်ဖို့အတွက် လာမယ့်ပွဲကို အနိုင်ရယူဖို့လိုပါတယ်”လို့ ပြောပါတယ်။

မန်စီးတီးနဲ့ ရီးရယ်လ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ကို ဧပြီ ၁၈ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ 

Source: CNA