CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၃
မန်စီးတီးအသင်းဟာ အက်စတွန်ဗီလာအသင်းကို အနိုင်ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်း နေပေမယ့် နည်းပြဂွာဒီယိုလာက ချန်ပီယံလိဂ် ဝင်ခွင့်ရရင်တောင် အသင်းရဲ့ဆိုးရွားတဲ့ရာသီလို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ဒီရာသီက ဆိုးရွားပါတယ်။ ကျနော်တို့ FA ဖလားဗိုလ်လုပွဲကို ရောက်ရှိတာ ဒါမှမဟုတ် ချန်ပီယံ လိဂ် ဝင်ခွင့်ရတာတွေက အရေးမကြီးပါဘူး။ တကယ်လက်တွေ့မှာ ရာသီကို ကောင်းမွန်စေတယ်လို့ ခံစားရတဲ့ အရာက ပရီးမီးယားလိဂ်ဖြစ်ပြီး ချန်ပီယံလိဂ် မဟုတ်သလို FA ဖလားလည်း မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်မှာ တသတ်မတ်တည်းဖြစ်ဖို့ပါ။ ဒါပေမယ့် တခါတရံမှာ အကြောင်းအမျိုးမျိုးကြောင့် ဆိုးရွားတဲ့ရာသီဖြစ်ခဲ့ပေမယ့် အဆုံးထိ ဆိုးရွားတဲ့အရာတွေကို ရှောင်နိုင်ဖို့ ကြိုးစားသွားမှာပါ”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ အက်စတွန်ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နူနက်စ်ရဲ့ နောက်ကျသွင်းဂိုးကြောင့် ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး အမှတ်ပေးဇယားအဆင့် ၃ နေရာကို တက်နိုင်ခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ဖလားကို စံချိန်တင် ၄ ရာသီဆက်တိုက် ရယူထားနိုင်ခဲ့ပေမယ့် ဒီရာသီမှာ ရလဒ်ဆိုးတွေကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်နေရတာပါ။
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ကနေလည်း ထွက်ခွာထားရလို့ ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလားအဖြစ် FA ဖလားသာ ကျန်ရှိတော့တာဖြစ်ပါတယ်။
မန်စီးတီးအသင်းကို တွေ့ရစဉ်
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ကလပ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖိအားတွေ အများကြီး ရှိနေပြီး လက်ကျန်ပွဲစဉ် ၄ ပွဲစလုံးကို အနိုင်ရလဒ်ရရှိအောင် ကြိုးစားသွားမယ်လို့လည်း ပြောခဲ့တာပါ။
ပရီးမီးယားလိဂ်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ထိပ်ဆုံး ၅ သင်း ဝင်ခွင့်ရမှာဖြစ်ပြီး ထိပ်ဆုံး ၂ သင်း ဖြစ်တဲ့ လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့က ဝင်ခွင့်သေချာသွားပြီ ဖြစ်ပါတယ်။
အဲဒါကြောင့် ၃ နေရာအတွက် မန်စီးတီး၊ နော်တင်ဟမ်ဖောရက်စ်၊ နယူးကာဆယ်၊ ချယ်လ်ဆီးနဲ့ အက်စတွန်ဗီလာ အသင်းတို့ အပြိုင်ယှဉ်ပြိုင်နေကြတာပါ။
အက်စတွန်ဗီလာအသင်းဟာ မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေပေမယ့် နည်းပြအူနှိုင်းအမ်မရီက ကစားဖို့ပွဲတွေ ကျန်နေသေးတဲ့အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခွင့်အရေးရှိတယ်လို့ ပြောခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ လာမယ့်ပွဲအဖြစ် ပဲလေ့စ်အသင်းနဲ့ FA ဖလားဆီမီးဖိုင်နယ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး မန်စီးတီးအသင်းကလည်း နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ FA ဖလား ဆီမီးဖိုင်နယ်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN