CNI Sport News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်မှာ ကလပ်ဘရုဂျက်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပေမယ့် နည်းပြဂွာဒီယိုလာက သူ့ရဲ့အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်မယ်လို့ မထင်ကြောင်း ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “အခုပုံစံနဲ့ ချန်ပီယံလိဂ်ဖလားကို ကျနော်တို့ ရယူနိုင်မယ်လို့ မထင်ပါဘူး။ ကျနော်က အလွန် လက်တွေ့ ကျတဲ့သူပါ။ သူတို့တွေဟာ ကျနော်တို့ထက် ပိုအတွေ့အကြုံရှိပြီး မက်ဒရစ်ဆိုရင် နောက်ဆုံးပွဲတွေမှာ ပြန်လာနိုင်ခဲ့သလို ဘိုင်ယန်မြူးနစ်အသင်းဟာ ကွန်ပနီနဲ့အတူ မယုံနိုင်စရာကောင်းတဲ့ ရာသီတစ်ခုကို ရရှိထား ပါတယ်။ မနက်ဖြန်မှာ ကစားရင် ခက်ခဲနိုင်မှာ ဖြစ်ပေမယ့် လာမယ့် နှစ်ပတ်အတွင်းမှာ ကျနော်တို့ဟာ ပွဲကောင်း နှစ်ပွဲကို ကစားနိုင်ဖို့မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းကို တွေ့ရစဉ်
မန်စီးတီးအသင်းဟာ ကလပ်ဘရုဂျက်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ် အမှတ်ပေးဇယား အဆင့် ၂၂ နေရာ ရပ်တည်ကာ ပလေးအော့ဖ် ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ပလေးအော့ဖ်အဆင့်မှာ အဆင့် ၁၁ နဲ့ ၁၂ နေရာ ရပ်တည်ခဲ့တဲ့ ရီးရယ်လ်နဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ ၂ သင်းထဲက ၁ သင်းနဲ့ တွေ့ဆုံရမှာပါ။
အဲဒါကြောင့် မန်စီးတီးအသင်းဟာ ပလေးအော့ဖ်အဆင့်မှာ ခက်ခဲတဲ့ပွဲစဉ်ကို ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာကတော့ ပလေးအော့ဖ် ပွဲစဉ်မတိုင်ခင်မှာ ကစားသမားသစ်တွေ၊ ဒဏ်ရာ ရနေတဲ့ ကစားသမားတွေ ပြန်လာနိုင်မှာဖြစ်လို့ သူတို့တွေသာ ပြန်ပါဝင်နိုင်ရင် ချန်ပီယံလိဂ်ပြိုင်ပွဲကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်မယ်လို့ ပြောခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ပလေးအော့ဖ်အဆင့်မှာ မန်စီးတီးအသင်းနဲ့ တွေ့ဆုံနိုင်ဖွယ် ရှိနေပေမယ့် ဂိုးသမား ကော့တွိုက်စ်က သူတို့ဟာ ဘယ်အသင်းကိုမှ ကြောက်နေမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ချန်ပီယံလိဂ် ပလေးအော့ဖ် အဆင့်အတွက် မဲခွဲမှုကို ဇန်နဝါရီ ၃၁ ရက်မှာ ပြုလုပ်သွားဖို့ရှိနေပြီး ဒီပွဲတွေကို ဖေဖော်ဝါရီအတွင်းမှာ ကျင်းပသွားမှာပါ။
မန်စီးတီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN