CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၇

လိုက်ပ်ဇစ်အသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ရီးရယ်လ်အသင်းရဲ့ စွမ်းဆောင်ရည် ဟာ အားနည်းခဲ့တာကြောင့် အသင်းအနေနဲ့ တိုးတက်အောင် လုပ်ရမယ်လို့ နည်းပြ အန်ဆယ်လော့တီက ပြောခဲ့ ပါတယ်။

အန်ဆယ်လော့တီက “ပြင်းထန်မှုနည်းပြီး ဆိုးရွားတဲ့ တစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒီပွဲက ကျနော်တို့အတွက် ကောင်းမွန် တဲ့ပွဲ မဟုတ်ဘူးဆိုတာ သိသာပါတယ်။ ဒါက ကျနော့်အမှားပါ။ တစ်ခါတစ်လေ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒီလိုမျိုး ဖြစ်နိုင်ပါတယ်။ ကျနော်တို့ဟာ ကိုယ့်ကိုယ်ကို ဝေဖန်ပိုင်းခြားပြီး တိုးတက်အောင် လုပ်ရပါမယ်။ ဒီနေ့ ဝေဖန်မှု တွေဟာ ကျနော်တို့အတွက် လုံးဝထိုက်တန်ပါတယ်။ ဒီလိုတွေကြုံတွေ့ရပေမယ့် အရေးကြီးတာက ကျနော်တို့ ကွာတားဖိုင်နယ်ကို ရောက်ရှိခဲ့တာပါ”လို့ Movistar ကိုပြောကြားခဲ့ပါတယ်။

ဒုတိယအကျော့အဖြစ် ကစားခဲ့တဲ့ပွဲမှာ ရီးရယ်လ်နဲ့ လိုက်ပ်ဇစ်အသင်းတို့ဟာ ၁ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။ 

ဒီပွဲမှာ ရီးရယ်လ်အသင်းအတွက် ဗီနီစီးယက်စ်က ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့် အော်ဘန်က ချေပဂိုး ပြန်သွင်း ယူခဲ့တာကြောင့် သရေကျခဲ့တာပါ။

 ရီးရယ်လ်နည်းပြ အန်ဆယ်လော့တီကို တွေ့ရစဉ်

ဒါပေမယ့် ရီးရယ်လ်အသင်းဟာ ပထမအကျော့က ၁ ဂိုး- ဂိုးမရှိနဲ့ လိုက်ပ်ဇစ်အသင်းကို အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ရီးရယ်လ်အသင်း နောက်ခံလူ ရူဒီဂါက သူတို့ဟာ ဒီပွဲမှာ ကစားပုံ မကောင်းခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အပြစ်ပေး ခံရနိုင်တယ်လို့ အသင်းသားတွေကို သတိပေးခဲ့ပါတယ်။

ရူဒီဂါက “သူတို့ဟာ ကစားပုံကောင်းခဲ့ပေမယ့် ကျနော်တို့ ညံ့ဖျင်းခဲ့ပါတယ်၊ ဒါက ရိုးရှင်းပါတယ်။ ကျနော်တို့ဟာ နှေးကွေးပြီး ပြင်းထန်မှု လုံးဝကို မရှိတာပါ။ ဒီလိုပုံစံနဲ့ဆို ကျနော်တို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အပြစ်ပေးခံ ရနိုင်ပါ တယ်။ ဒီပွဲမှာ ကျနော်တို့ အဖြေမှန်ကို ရှာမတွေ့ခဲ့ပါဘူး။ ကျနော်တို့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည် မပြသနိုင်ခဲ့ ပေမယ့် နောက်တစ်ဆင့်တက်နိုင်ခဲ့တယ်”လို့ ပြောကြားခဲ့ပါတယ်။

ရီးရယ်လ်အသင်းဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ရမှတ် ၇ မှတ်ဖြတ်ပြီး ဦးဆောင်ထားသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ကို ရောက်ရှိခဲ့တာကြောင့် ဆုဖလား ၂ လုံးရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတာဖြစ် ပါတယ်။

Source: ESPN