CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၇

ယူနိုက်တက်အသင်းနည်းပြဟောင်း ဆိုးလ်ရှားက ရော်နယ်ဒို အသင်းထံ ပြန်ရောက်လာချိန်မှာ ကာဗာနီ နစ်နာခဲ့ရတယ်လို့ Stick to Football podcast နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ဆိုးလ်ရှားက “ရော်နယ်ဒိုဟာ တိုက်စစ်မှာ ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ ဂရင်းဝုဒ်တို့နဲ့ ကွဲပြားတဲ့ ကစားသမားပါ။ ရော်နယ်ဒို ရောက်ရှိလာချိန်မှာ အနစ်နာဆုံးသူကတော့ ကာဗာနီ ဖြစ်ပါတယ်။ ကာဗာနီဟာ ကျနော်တို့လိုချင်တဲ့ ကစားပုံကို နားလည်ထားပြီးသားပါ။ ရော်နယ်ဒိုကတော့ ၄ ပွဲမှာ ၃ ပွဲလောက် ပါဝင်ကစားချင်နေပေမယ့် သူဟာ အသက်ကြီး နေပြီဆိုတာ သူကိုယ်တိုင်လည်း သိရှိခဲ့ပါတယ်။ ဒါပေမယ့် သူဟာ အရန်ခုံပေါ်ထားရင် မပျော်ရွှင်ပါဘူး။ ရော်နယ်ဒို မရှိခင်တုန်းက ကျနော်တို့ဟာ ပရီးမီးယားလိဂ်မှာ ဖိအားပေးကစားနိုင်တဲ့ အသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။ ရော်နယ်ဒို ရောက်လာချိန်မှာ ကျနော်တို့ဟာ ဒန်ဂျိမ်းစ်ကို လက်လွှတ်ခဲ့ရပါတယ်။ သူတို့နှစ်ဦးဟာ ခြားနားတဲ့ ကစားသမားတွေပါ”လို့ ပြောခဲ့တာပါ။

ရော်နယ်ဒိုဟာ ၂၀၂၁ ခုနှစ် နွေရာသီက ဂျူဗင်တပ်စ်အသင်းကနေ အသင်းဟောင်း ယူနိုက်တက်အသင်းထံ ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒို ရောက်ရှိလာတာကြောင့် နည်းပြ ဆိုးလ်ရှားအတွက် ကာဗာနီ၊ မာရှယ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ရှိနေတဲ့ တိုက်စစ်ပိုင်းအတွက် ပိုပြီးရွေးချယ်ခွင့်ရှိလာခဲ့တာပါ။

ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းမှာ ၂၀၀၃ ကနေ ၂၀၀၉ ခုနှစ်အထိ ပထမအကြိမ် ကစားခဲ့တုန်းက အသင်းနဲ့ အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာကြောင့် ဆိုးလ်ရှားဟာ ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူခဲ့တဲ့ အသင်းရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ ဆိုးရှားလ်ကို တွေ့ရစဉ်

ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းကို ဒုတိယအကြိမ် ပြန်လည်ရောက်ရှိလာချိန်မှာ သူ့အတွက် အဆင်မပြေ ခဲ့သလို ဆိုးလ်ရှားလည်း ၃ လအကြာမှာ နည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရပါတယ်။

ဆိုးလ်ရှားဟာ ဒီဆုံးဖြတ်ချက်တွေအတွက် နောင်တမရပေမယ့် ရော်နယ်ဒို ရောက်ရှိလာခဲ့တာကြောင့် ကာဗာနီ နစ်နာခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ 

ကာဗာနီဟာ ရော်နယ်ဒို မရောက်ရှိလာခင်တုန်းက ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှာ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ပေါ်တူဂီကစားသမား ရောက်ရှိလာပြီး အချိန်မှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရတာပါ။

ကာဗာနီဟာ ယူနိုက်တက်အသင်းအတွက် ပထမရာသီမှာ ၃၉ ပွဲ ပါဝင်ကစားပြီး ၁၇ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ဒုတိယရာသီမှာတော့ ပွဲ ၂၀ ကစားကာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းအတွက် ဒုတိယအကြိမ်မြောက်ကစားတဲ့ ပထမရာသီမှာ ၃၈ ပွဲ ကစားကာ ၂၄ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ဒုတိယရာသီမှာ နည်းပြ အဲရစ်တန်ဟတ်နဲ့ အဆင်မပြေဖြစ်ခဲ့သလို အသင်းအပေါ် ဝေဖန်မှု ပြုလုပ်ခဲ့ပြီးနောက် ထွက်ခွာခဲ့တာဖြစ်ပါတယ်။

Source: Mirror