CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၇

အေဂျက်ဇ်ကွင်းလယ်လူ ဟန်ဒါဆန်က အသင်းမှာ ပြသနေတဲ့သူ့ရဲ့ ပုံစံတွေကြောင့် ဂျာမနီမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်း လူစာရင်းမှာ ပါဝင်နိုင်ဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။

ဟန်ဒါဆန်က “နည်းပြ ဆောက်ဂိတ်က ကျနော့်ကို စောင့်ကြည့်နေတာကို မြင်တွေ့ရတာ အလွန်ကောင်း မွန်ပါ တယ်။ ကျနော်ဟာ ဒီမှာရှိတဲ့ အလုပ်အပေါ် အာရုံစိုက်မှာဖြစ်ပြီး ကောင်းမွန်စွာ စွမ်းဆောင်နိုင်ရင် အင်္ဂလန်အသင်း လူစာရင်းမှာ ပါဝင်နိုင်မယ့် အကောင်းဆုံး အခွင့်အရေးတွေ ကျနော်ရရှိမှာပါ။ နိုင်ငံအသင်းအတွက် တစ်ခုခု လုပ်ပေးနိုင်မယ်လို့ ကျနော်ခံစားမိပြီး လာမယ့် ယူရိုပြိုင်ပွဲမှာ နိုင်ငံအသင်းကို အကူအညီပေးနိုင်ဖို့ မျှော်လင့် ကြောင်း”ပြောခဲ့တာပါ။

ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က လီဗာပူးလ်အသင်းကနေ ထွက်ခွာပြီး ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အက်တီဖတ်အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။ 

ဒါပေမယ့် ဟန်ဒါဆန်ဟာ အယ်လ်အက်တီဖတ်အသင်းနဲ့ နှစ်ဦးသဘောတူစာချုပ် ဖျက်သိမ်းပြီး ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အေဂျက်ဇ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာပါ။ 

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့လက အေဂျက်ဇ်အသင်းအတွက် ဟန်ဒါဆန် ပွဲဦးထွက်အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ပီအက်စ်ဗွီအသင်းနဲ့ပွဲကို တက်ရောက်ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။

ဟန်ဒါဆန်ကို တွေ့ရစဉ်

ဆောက်ဂိတ်ဟာ ဟန်ဒါဆန်ကို အင်္ဂလန်အသင်း လူစာရင်းမှာ ပုံမှန်ရွေးချယ်လေ့ရှိပေမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ရွေးချယ်ဖွယ် ရှိ/မရှိတော့ မသေချာသေးပါဘူး။

 အဲဒါကြောင့် ဟန်ဒါဆန်ဟာ အေဂျက်ဇ်အသင်းမှာ ခြေစွမ်းပြပြီး အင်္ဂလန်လူစာရင်းမှာ ဆက်လက် ပါဝင်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမတိုင်ခင် အခုလထဲမှာ ဘရာဇီးလ်၊ ဘယ်လ်ဂျီယံအသင်းတို့နဲ့ ခြေစမ်းပွဲ ကစားဖို့ စီစဉ်ထားသလို ဇွန်မှာလည်း ဘော့စနီးယား၊ အိုက်စလန်အသင်းတို့နဲ့ ခြေစမ်းပွဲ ကစားဖို့ရှိနေတာပါ။

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာတော့ ဆားဘီးယား၊ ဒိန်းမတ်၊ ဆလိုဗေးနီးယားအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာဖြစ်ပါတယ်။

Source: CNA