CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၅

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က အခုအချိန်က သူ့အနာဂတ်ကို ဆုံးဖြတ်ရမယ့်အချိန်မဟုတ်ဘူးလို့ စပိန်အသင်းကို အရေးနိမ့်ခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဆောက်ဂိတ်က “အခုအချိန်က ဒီအကြောင်းကို ပြောရမယ့် အချိန်မဟုတ်ပါဘူး။ မှန်ကန်တဲ့လူတွေနဲ့ စကားပြောဖို့လိုအပ်သလို ကိုယ့်ကိုယ်ကိုလည်း အချိန်အနည်းငယ် ပေးရပါမယ်။ အခုအချိန်တော့ မဟုတ်သေးပါဘူး။ စပိန်အသင်းဟာ ဒီပြိုင်ပွဲမှာရော ဗိုလ်လုပွဲမှာပါ အကောင်းဆုံးအသင်းပါ။ ကျနော်တို့ရဲ့ ကစားသမားတွေဟာ မယုံနိုင်လောက်အောင်လုပ်နိုင်ခဲ့ပါတယ်”လို့ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းချိန်မှာ ပြောခဲ့တာပါ။

အသက် ၅၃ နှစ်အရွယ်ရှိ ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ၂၀၁၆ ခုနှစ်ကတည်းက ကိုင်တွယ်ခဲ့ပေမယ့် သူ့ရဲ့ စာချုပ်ဟာ ဒီဇင်ဘာဆိုရင် ကုန်ဆုံးပြီဖြစ်ပါတယ်။ 

ဆောက်ဂိတ်ဟာ သူ့ရဲ့လက်ထက်မှာ အင်္ဂလန်အသင်းကို ယူရိုဗိုလ်လုပွဲ ၂ ကြိမ်ဆက်တက်နိုင်အောင် ကိုင်တွယ်ပေးနိုင်ခဲ့ပေမယ့် အသင်းဟာ ၂ ကြိမ်စလုံး အရေးနိမ့်ပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာပါ။ 

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဟာ ဆောက်ဂိတ်ကို လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ကိုင်တွယ်စေမယ့် စာချုပ်သစ်ချုပ်ဆိုဖို့ အလိုရှိနေတာဖြစ်ပါတယ်။

ဆောက်ဂိတ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲတစ်လျှောက် အင်္ဂလန်အသင်းရဲ့ စွမ်းဆောင်ရည်တွေကြောင့် လှောင်ပြောင်မှုတွေခံခဲ့ရသလို အင်္ဂလန်အသင်းဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံမဖြစ်ရင် သူလည်း ဒီနေရာမှာ ရှိနေမှာမဟုတ်ဘူးလို့ ပြိုင်ပွဲမစတင်ခင်က ပြောထားတာဖြစ်ပါတယ်။ 

FA အမှုဆောင်ချုပ် ဘူလင်ဂမ်က ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်း ချန်ပီယံမဖြစ်ပေမယ့်တစ်သင်းလုံးရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုကြောင်းနဲ့ ကျေးဇူးတင်ကြောင်း ပြောခဲ့တာပါ။

အင်္ဂလန်အသင်းဟာ လာမယ့် စက်တင်ဘာမှာ UEFA နေးရှင်းလိဂ်ပွဲစဉ်တွေအဖြစ် အိုင်ယာလန်၊ဖင်လန်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ 

Source:ESPN