CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၃

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဟာ စပိန်အသင်းနဲ့ ကစားမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲဗိုလ်လုပွဲမှာ ဘယ်လိုရလဒ် ထွက်ထွက် နည်းပြ ဆောက်ဂိတ်ကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်ပြီး ကိုင်တွယ်စေချင်နေတယ်လို့ သိရပါတယ်။

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ခြေစွမ်းပိုင်း မတည်ငြိမ်ပေမယ့် ယူရိုဗိုလ်လုပွဲကို ၂ ကြိမ်ဆက် တက်နိုင်ခဲ့တာပါ။

ဆောက်ဂိတ်ဟာ ဒီပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့ ခြေစွမ်းကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ၊ လှောင်ပြောင်မှုတွေ ကို ခံခဲ့ရတာဖြစ်ပါတယ်။ 

ဒါပေမယ့် FA က ဆောက်ဂိတ်ဟာ နိုင်ငံအသင်းကို ဦးဆောင်ကိုင်တွယ်ဖို့ မှန်ကန်တဲ့သူ ဖြစ်တယ်ဆိုတာကို ယုံကြည်မှု အပြည့်ရှိနေတာပါ။ 

ဆောက်ဂိတ်နဲ့ FA တို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီနှစ်အကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ 

ဆောက်ဂိတ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးမှသာ သူ့အနာဂတ်ကို ဆုံးဖြတ်မယ်လို့ ပြောထားတာကြောင့် FA ဟာ ဒီပြိုင်ပွဲအပြီးမှာ သူ့ကို စာချုပ်သက်တမ်းတိုးဖို့အတွက် ဆွေးနွေးဖို့ စီစဉ်ထားတာပါ။ 

FA ဟာ ဆောက်ဂိတ်ကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ အင်္ဂလန်အသင်းကို ဆက်ပြီး ကိုင်တွယ်စေချင်နေတာ ဖြစ်ပါတယ်။ 

ဆောက်ဂိတ်ဟာ အနာဂတ်ကို မဖြေရှင်းခင် စပိန်အသင်းကို ဗိုလ်လုပွဲမှာ အနိုင်ယူပြီး ယူရိုချန်ပီယံဆုကို ရယူနိုင်ဖို့ အပြည့်အဝ အာရုံစိုက်နေတာပါ။ 

ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ၂၀၁၆ ခုနှစ်က စတင်ကိုင်တွယ်ခဲ့ပြီး သူ့လက်ထက်မှာ နိုင်ငံအသင်းဟာ ယူရို ဗိုလ်လုပွဲ ၂ ကြိမ်ဆက် တက်နိုင်ခဲ့သလို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်၊၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်နဲ့ ၂၀၁၈-၁၉ UEFA နေးရှင်းလိဂ်ပြိုင်ပွဲမှာ တတိယနေရာရရှိအောင် စွမ်းဆောင် ပေးထားတာ ဖြစ်ပါတယ်။ 

ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ကိုင်တွယ်ထားတဲ့ ၁၀၁ ပွဲမှာ အနိုင်ရာခိုင်နှုန်း ၆၀.၄၀ အထိရှိခဲ့တယ်လို့ အချက်အလက်တွေအရ သိရတာပါ။ 

FA ဟာ ဆောက်ဂိတ်ကို စာချုပ်သက်တမ်းတိုးဖို့ အဓိကထား လုပ်ဆောင်မှာ ဖြစ်ပေမယ့် အဆင်မပြေခဲ့ရင် သူ့နေရာမှာ အစားထိုးဖို့ နည်းပြအချို့ကို လျာထားပြီး ဒီထဲမှာ နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်း၊ ချယ်လ်ဆီးအသင်း နည်းပြဟောင်းတွေဖြစ်တဲ့ ဂရေဟမ်ပေါ်တာနဲ့ ပိုချက်တီနို၊ အင်္ဂလန် ယူ-၂၁ အသင်းနည်းပြ လီကာစလေတို့ ပါဝင်နေတာ ဖြစ်ပါတယ်။ 

Source: Metro