CNI Sport News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၃ 

ဆန်ချိုဟာ နည်းပြ အဲရစ်တန်ဟတ်နဲ့ အပေါင်းလက္ခဏာဆောင်တဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ် အပြီးမှာ ယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပြန်လည်ပါဝင်ခဲ့ပြီ ဖြစ်ပါတယ်။ 

ဆန်ချိုဟာ ၁၀ လအတွင်း ယူနိုက်တက်အသင်းနဲ့ ပထမဆုံးအကြိမ် လေ့ကျင့်မှု ပြန်လည်ပြုလုပ်ခဲ့တာပါ။ 

အင်္ဂလန်ကစားသမားဟာ ပြီးခဲ့တဲ့ စက်တင်ဘာက အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ သူ့ကို လူစာရင်းက ချန်လှပ် ခဲ့တာနဲ့ ပတ်သက်ပြီး နည်းပြ အဲရစ်တန်ဟတ်နဲ့ အဆင်မပြေဖြစ်ခဲ့ပါတယ်။

ဆန်ချိုဟာ နည်းပြ အဲရစ်တန်ဟတ်ကို တောင်းပန်ဖို့ ငြင်းဆန်ခဲ့ပြီးနောက် ၄ လကြာ တစ်ဦးတည်း လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရပြီး ဇန်နဝါရီမှာ အသင်းဟောင်း ဒေါ့မွန်အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ 

ဆန်ချိုဟာ ဒေါ့မွန်အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်ပေးခဲ့ပြီး သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြန်လည်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အဲရစ်တန်ဟတ်ဟာ အခုလထဲမှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း တိုးခဲ့တာကြောင့် ဆန်ချိုရဲ့ ယူနိုက်တက်အနာဂတ်ဟာ ပြီးဆုံးသွားခဲ့ပြီလို့ သတင်းတွေမှာ ဖော်ပြထားတာပါ။ 

ဒါပေမယ့် ဆန်ချိုဟာ ရာသီကြိုအတွက် စမ်းသပ်မှုတွေပြုလုပ်ဖို့ ကာရင်တန်ကို ရောက်ရှိလာချိန်မှာ နည်းပြ အဲရစ်တန်ဟတ်နဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ဆန်ချိုဟာ ယူနိုက်တက်အသင်းဖော်တွေနဲ့ လေ့ကျင့်မှု ပြန်လည်ပြုလုပ်ခွင့် ရရှိခဲ့တာပါ။ 

ဆန်ချိုဟာ အမေရိကန်ကို သွားရောက်မယ့် ရာသီကြို ခြေစမ်းပွဲခရီးစဉ်မှာ ယူနိုက်တက်အသင်းနဲ့အတူ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိ ဆန်ချိုဟာ ရိုစင်ဘော့အသင်းနဲ့ ခြေစမ်းပွဲမှာ ယူနိုက်တက်အသင်းအတွက် ပါဝင်နိုင်ဦးမှာ မဟုတ်ဘဲ ကာရင်တန်မှာ လေ့ကျင့်မှုတွေ ဆက်လက် ပြုလုပ်ရဖွယ်ရှိနေတာပါ။

နွေရာသီ အပြောင်းအရွှေ့မှာ ဆန်ချိုကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်နဲ့ ဒေါ့မွန်အသင်းတို့က စိတ်ဝင်စားနေပြီး ယူနိုက်တက်အသင်းက သူ့ကို အသင်းမှာ ဆက်ထားမလား ဒါမှမဟုတ် ရောင်းချမလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ 

Source: Dailymail