ာ 
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ခြေစွမ်းပိုင်း ကျဆင်းနေလို့ ဝေဖန်မှုတွေ ခံနေရတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဆီကနေ သွင်းဂိုးတွေကို မြင်တွေ့ရတော့မှာပါလို့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “တိုက်စစ်မှူးတွေ ဂိုးမရတဲ့အချိန်မှာ သူ့အတွက် အချိန်ခဏလိုပါတယ်။ ပြီးရင်တော့ သူ့ရဲ့ သွင်းဂိုးတွေကို မြင်တွေ့ရတော့မှာပါ။ သူက အတွေ့အကြုံ ရှိတဲ့သူဖြစ်ပြီး မှန်ကန်တဲ့ အရာတွေကို အသင်းနဲ့ အတူတူ လုပ်ဆောင်ရင် အရှိန်အဟုန်တွေ ရောက်လာပြီး သွင်းဂိုးတွေရမှာပါ”လို့ ပြောပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက် အသင်းအတွက် ဂိုး ၃၀ အထိ သွင်းယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ အသင်းနဲ့အတူ ရုန်းကန်နေရပြီး ခြေစွမ်းပိုင်းကျဆင်းကာ သွင်းဂိုး ၁ ဂိုးသာ သွင်းယူထား နိုင်ခဲ့ပါတယ်။

အင်္ဂလန် ကစားသမားဟာ ဂါလာတာစာရေးအသင်းကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာဆိုရင် ဂိုးရနိုင်မယ့် အခွင့်အရေးကောင်းကို လက်လွှတ်ခဲ့ရပြီး ယုံကြည်မှုတွေပါ နည်းပါးလာခဲ့ပါတယ်။

၁၉၈၉-၉၀ ရာသီနောက်ပိုင်း အဆိုးရွားဆုံး ရာသီစတင်မှုနဲ့ ကြုံတွေ့နေရတဲ့ ယူနိုက်တက်အသင်းမှာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်တစ်ဦးတည်း ရုန်းကန်နေရတာ မဟုတ်ဘဲ ကစားသမား အများစုဟာ သူတို့ရဲ့ ပုံမှန်ခြေစွမ်း အောက်မှာ သာ ရှိနေကြတာ ဖြစ်ပါတယ်။ 

အဲရစ်တန်ဟတ်ကတော့ ရလဒ်ကောင်းတွေ ပြန်လည် ရယူနိုင်ဖို့အတွက် တစ်သင်းလုံး တိုက်ပွဲဝင်ရမယ်လို့ ပြောပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်တို့ရဲ့ အဆင့်တွေ ကျဆင်းသွားတာကို ပြန်ပြီးကောင်းမွန်အောင် လုပ်ရပါမယ်။ အဲ့ဒီ အတွက် အကြောင်းပြချက်တွေ ရှိပေမယ့် လက်ခံနိုင်စရာ မရှိပါဘူး။ ကျနော်တို့ဟာ တစ်ဦးနဲ့တစ်ဦး ပံ့ပိုးပေးပြီး သွားမယ်ဆိုရင်တော့ ပိုမိုကောင်းမွန်တဲ့ ကစားပုံကို မြင်တွေ့ရမှာပါ”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက် အသင်းဟာ အခုလထဲမှာ ကစားမယ့် နိုင်ငံတကာ ပွဲစဉ်တွေ မတိုင်ခင် ဘရန်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal