CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က နယူးပို့တ်အသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ FA ဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ တိုက်စစ်မှူး ရက်ရှ်ဖိုဒ့်မပါဝင်နိုင်တာက အတွင်းရေးကိစ္စကြောင့်လို့ ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်က"ရက်ရှ်ဖိုဒ့်ဟာ နေမကောင်းဘူးလို့သတင်းပို့ထားပါတယ်။ ကျန်တာတွေက အတွင်းရေးကိစ္စ ဖြစ်ပြီး ဒါကို ကျနော်ကိုင်တွယ်ဖြေရှင်းသွားမှာပါ”လို့ သတင်းထောက်တွေရဲ့မေးမြန်းမှုကို ဖြေဆိုခဲ့တာပါ။

ရက်ရှ်ဖိုဒ့်ဟာ နေမကောင်းဖြစ်နေတဲ့အတွက် သောကြာနေ့က ပြုလုပ်ခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်ကို လွဲချော်ခဲ့ပါတယ်။ 

ဒါပေမယ့် မီဒီယာတွေက ရက်ရှ်ဖိုဒ့်ဟာ ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့ ညနေပိုင်းတွေမှာ မြောက်အိုင်ယာလန်ရှိ နိုက်ကလပ်မှာရှိနေတယ်လို့ ဖော်ပြခဲ့ကြတာပါ။ 

သတင်းထောက်တွေက ရက်ရှ်ဖိုဒ့်ရဲ့ အကြောင်းကို မေးမြန်းချိန်မှာ နည်းပြ အဲရစ်တန်ဟတ်က အတွင်းရေးကိစ္စ ဆိုပြီးသာ ထပ်တလဲလဲဖြေဆိုသွားခဲ့တာပါ။

ရက်ရှ်ဖိုဒ့်

ရက်ရှ်ဖိုဒ့်ဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြသခဲ့ပြီး ပြိုင်ပွဲစုံ ဂိုး ၃၀ သွင်းယူနိုင်ခဲ့ တာကြောင့် အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။ 

ဒါပေမယ့် အင်္ဂလန်တိုက်စစ်မှူးဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ ၂၆ ပွဲကစားထားတာမှာ ၄ ဂိုးသာသွင်းယူနိုင်ခဲ့တာပါ။ 

ရက်ရှ်ဖိုဒ့်ဟာ ပြီးခဲ့တဲ့ မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲအပြီး နာရီပိုင်းအကြာမှာ မွေးနေ့ပါတီပွဲကို ဆင်နွှဲခဲ့တာ ကြောင့် နည်းပြ အဲရစ်တန်ဟတ်ရဲ့ စိတ်ပျက်မှုကို ကြုံတွေ့ခဲ့ရပါတယ်။

အခုတစ်ကြိမ်မှာလည်း ရက်ရှ်ဖိုဒ့်အနေနဲ့ နည်းပြ အဲရစ်တန်ဟတ်ရဲ့ အရေးယူမှုကို သေချာပေါက်ခံရဖွယ် ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

Source:BBC