CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁

ယူနိုက်တက်အသင်းရဲ့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံနေရတဲ့ နောက်ခံလူ ဗာရန်းနဲ့ သူ့အကြားမှာ ပြဿနာ မရှိဘူးလို့ နည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “ဒါတွေက လုံးဝမဟုတ်ပါဘူး။ နည်းဗျူဟာပိုင်းဆိုင်ရာ အကြောင်းပြချက်တွေကြောင့် ဒီအတွဲ အဖက်တွေကို ရွေးချယ်ရတာပါ။ မက်ဂွဲယားနဲ့ အီဗန်စ်က ကောင်းတယ်လို့ ကျနော်ထင်ပါတယ်။ မက်ဂွဲယားက ပြီးခဲ့တဲ့ရာသီက ပွဲတွေ အများကြီး မကစားခဲ့ရပါဘူး။ ဗာရန်းရဲ့ စွမ်းဆောင်ရည်ကို ကျနော် ကျေနပ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ မက်ဂွဲယားက အလွန်ကောင်းမွန်နေပြီး အသင်းထဲမှာ ပြိုင်ဆိုင်မှုတွေရှိနေတယ်”လို့ ပြောခဲ့ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲစလုံး ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ ဗာရန်းဟာ လူတန် အသင်းနဲ့ ပွဲမှာတော့ ယူနိုက်တက်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါဝင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်ဟာ ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ဗာရန်းကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့တာက နည်းဗျူဟာပိုင်းဆိုင်ရာ အကြောင်းပြချက်လို့ လူသိရှင်ကြား ပြောခဲ့ပြီးနောက် သူတို့နှစ်ဦး စကားပြောဆိုခဲ့ဖွယ် ရှိတယ်လို့ သိရပါတယ်။

ဗာရန်းနဲ့ မက်ဂွဲယားကို တွေ့ရစဉ်

ဗာရန်းဟာ ပြီးခဲ့တဲ့ ဖူလ်ဟမ်၊ ကိုပင်ဟေဂင် အသင်းတို့နဲ့ ပွဲတွေမှာလည်း လူစားဝင် ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရပါတယ်။

အဲရစ်တန်ဟတ်ကတော့ မက်ဂွဲယားနဲ့ အီဗန်စ်တို့ရဲ့ အတွဲအဖက်ကို ပိုပြီးသဘောကျ နေတာကြောင့် ပွဲထွက် လူစာရင်းမှာ အသုံးပြုနေတာ ဖြစ်ပေမယ့် ဗာရန်းနဲ့ ဘာပြဿနာမှ မရှိဘူးလို့ လူတန်အသင်းနဲ့ ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဗြိတိန်မီဒီယာတွေကတော့ အဲရစ်တန်ဟတ်နဲ့ ဗာရန်းတို့ရဲ့ ဆက်ဆံရေး တင်းမာနေတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အီဗန်စ်လည်း ဒဏ်ရာ ရသွားခဲ့တဲ့အတွက် နည်းပြ အဲရစ်တန်ဟတ် အနေနဲ့ ဗဟိုခံစစ်အတွက် ရွေးချယ်စရာအဖြစ် ဗာရန်း၊ မက်ဂွဲယားနဲ့ လင်ဒီလော့ဖ်တို့ ၃ ဦးသာ ရှိတော့ပါတယ်။

ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖူလ်ဟမ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားအဆင့် ၈ နေရာမှာရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Daily Mail