CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁

ကွင်းလယ်လူ မက်ဒီဆင်ဟာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ဇန်နဝါရီအထိ အနားယူရမယ်လို့ စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက အတည်ပြုလိုက်ပါတယ်။

ပိုစတီကိုဂလူးက “မက်ဒီဆင်ရဲ့ဒဏ်ရာက ကျနော်တို့ ထင်ထားတာထက် အများကြီးပိုဆိုးပါတယ်။ ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့ပြီး သူ့ကို စကန်ဖတ် စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ ဇန်နဝါရီအထိ အနားယူရတော့မှာပါ”လို့ ပြောခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိ မက်ဒီဆင်ဟာ စပါးအသင်းက ချယ်လ်ဆီးအသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပြီး ဒီဒဏ်ရာကြောင့် အင်္ဂလန်အသင်းရဲ့ လူစာရင်းကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

စပါးအသင်းနည်းပြ ပိုစတီကိုဂလူးနဲ့ လုပ်ဖော်ကိုင်ဖက်များကိုတွေ့ရစဉ်

မက်ဒီဆင်နဲ့အတူ ချယ်လ်ဆီးအသင်းကို အရေးနိမ့်တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တဲ့ နောက်ခံလူ ဗန်ဒီဗန် ကလည်း ဇန်နဝါရီအထိ အနားယူရဖွယ်ရှိတယ်လို့ နည်းပြ ပိုစတီကိုဂလူးက ပြောခဲ့ပါတယ်။

အခုလ အစောပိုင်းကမှ ပေါင်ခြံဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့တဲ့ တိုက်စစ်မှူး ရစ်ချာလီဆန်ဟာ နိုင်ငံတကာ ပွဲစဉ်အပြီးမှသာ စပါးအသင်းအတွက် ပြန်ကစားပေးနိုင်ဖွယ် ရှိနေတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အနီကတ်ထိခဲ့တဲ့ နောက်ခံလူ ရိုမဲရိုးနဲ့ အူဒိုဂီတို့ဟာ ပွဲပယ်ပြစ်ဒဏ် ကြောင့် ဝုလ်ဗ်စ်အသင်းနဲ့ ပွဲစဉ်ကို လွဲချော်မှာပါ။ အဲ့ဒါကြောင့် စပါးအသင်းဟာ အဓိက ကစားသမား အများအပြား မပါဝင်ဘဲ ဝုလ်ဗ်စ်အသင်းနဲ့ ပွဲစဉ်ကို ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

စပါးအသင်းကို ရလဒ်ကောင်းတွေ ရရှိအောင် ကိုင်တွယ်နေတဲ့ နည်းပြ ပိုစတီကိုဂလူးဟာ အောက်တိုဘာလ အတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ပါတယ်။

ပိုစတီကိုဂလူးဟာ ပြီးခဲ့တဲ့ သြဂုတ်နဲ့ စက်တင်ဘာလကလည်း အကောင်းဆုံး နည်းပြဆုကို ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်ရာသီအဖွင့် ၃ လဆက်တိုက် ဒီဆုကိုရရှိတဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

Source: BBC