CNI Sport News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၇
စပါးအသင်းဟာ လက်စတာအသင်းကို အိမ်ကွင်းမှာ ၂ ဂိုး-၁ ဂိုးနဲ့အရေးနိမ့်ကာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၁၃ ပွဲမြောက် ရှုံးပွဲကြုံတွေ့ပြီးနောက် နည်းပြပိုစတီကိုဂလူးက သူထုတ်ပယ်ခံရနိုင်တယ်လို့ ဝန်ခံခဲ့ပါတယ်။
ပိုစတီကိုဂလူးက “ဒီနည်းပြထိုင်ခုံပူပေါ်မှာ ဆက်ရှိမလားဆိုတာ ဘယ်သူသိနိုင်မှာလဲ။ ခင်ဗျားဟာ ဘောလုံး အသင်း တစ်သင်းရဲ့နည်းပြဖြစ်တဲ့အချိန်မှာ ထိခိုက်လွယ်ပြီး အထီးကျန်မှုကို ခံစားရနိုင်ပေမယ့် ကျနော်ကတော့ ဒါကို မခံစားရပါဘူး။ ကစားသမားတွေက အရာအားလုံးကိုပေးခဲ့ပြီး ကျနော်ကလည်း အာရုံစိုက်ကာ ကစားသမား တွေကို ပံ့ပိုးပေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ရှုံးနိမ့်ခဲ့တာကြောင့် နာကျင်ရပါတယ်။ လာမယ့် ၁၀ ရက်အတွင်းမှာ ကျနော်တို့ဟာ ကူညီပေးမယ့် အရေးပါတဲ့ ကစားသမားအချို့ကို ပြန်ပြီးရသင့်ပါတယ်”လို့ ပြောခဲ့တာပါ။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲဆက်နေတဲ့ လက်စတာအသင်းဟာ နိုင်ပွဲပြန်လည် ရယူနိုင်ခဲ့ချိန်မှာ စပါးအသင်း ကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၄ ပွဲဆက်တိုက် အရှုံးနဲ့ နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲစလုံး နိုင်ပွဲရယူနိုင်ခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။
စပါးအသင်းဟာ ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၁၅ နေရာမှာ ရပ်တည်နေပြီး နည်းပြ ပိုစတီကိုဂလူးအပေါ် ဖိအားတွေ ပိုပြီး ကျရောက်လာခဲ့တာပါ။
စပါးနဲ့လက်စတာအသင်း ယှဉ်ပြိုင်နေစဉ်
စပါးအသင်း ပရိသတ်တွေဟာ ပွဲအပြီးမှာ အသင်းကို လှောင်ပြောင်ခဲ့သလို ကစားသမားသစ်တွေ ဖြည့်တင်းပေးဖို့ ပျက်ကွက်နေတဲ့ အသင်းအကြီးအကဲ လီဗိုင်းကိုလည်း အပြစ်တင်လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
စပါးအသင်း ပရိသတ်တွေဟာ လက်စတာအသင်းနဲ့ ပွဲချိန်အတွင်းမှာ “၂၄ နှစ်၊ နည်းပြ ၁၆ ဦးနဲ့ ဆုဖလား ၁ လုံး၊ ပြောင်းလဲဖို့ အချိန်တန်ပြီ”ဆိုတဲ့ စာသားပါစာတန်းကို ကိုင်ဆောင်ကာ အသင်းအကြီးအကဲတွေအပေါ် သူတို့ရဲ့ မကျေနပ်မှုကို ပြသခဲ့ကြတာပါ။
စပါးအသင်းဟာ လက်ရှိအချိန်မှာ ကစားသမား အများအပြားရဲ့ ဒဏ်ရာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ မပိတ်ခင်မှာ ကစားသမားအသစ်တွေ ခေါ်ယူပေးနိုင်ဖို့ နည်းပြပိုစတီကိုဂလူးက မျှော်လင့်နေပါတယ်။
စပါးအသင်းဟာ ကြားရက်ထဲမှာ ယူရိုပါလိဂ် ပွဲစဉ်ယှဉ်ပြိုင်ပြီးရင် လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘရန်ဖို့ဒ် အသင်းအိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN