CNI Sport News

၂၀၂၅ ခုနှစ်၊ မေလ ၂၄

စပါးအသင်းကို ယူရိုပါလိဂ်ဖလား ရရှိအောင် ဦးဆောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ နည်းပြပိုစတီကိုဂလူးက လာမယ့် ရာသီမှာ အသင်းကို ဆက်ပြီးကိုင်တွယ်ဖွယ်ရှိတယ်လို့ ဆုဖလားအောင်ပွဲခံ အခမ်းအနားမှာ အရိပ်အမြွက် ပြောခဲ့ပါတယ်။

ပိုစတီကိုဂလူးက “ကျနော်တို့ဟာ ဂန္ထဝင် ဆွန်ဟောင်မင်၊ ရိုမဲရိုး၊ မက်ဒီဆန်၊ ဗီကာရီယိုတို့ရဲ့ ဦးဆောင်မှု၊ မယုံနိုင် စရာကောင်းတဲ့ လူအစုအဖွဲ့၊ ဝန်ထမ်းတွေ၊ သူရဲကောင်းတွေကြောင့် ဒီမှာရှိနေခဲ့တာပါ။ သူတို့တွေ အားလုံးဟာ သူရဲကောင်းတွေပါ။ သူတို့တွေအားလုံးဟာ ခင်ဗျားတို့အတွက် လုပ်ခဲ့ပြီး ခင်ဗျားတို့အတွက် ထိုက်တန်သလို အသင်းအတွက်လည်း ထိုက်တန်ပါတယ်။ ခင်ဗျားတို့ကို ကျနော်တစ်ခု ပြောပြမယ်၊ အကောင်းဆုံး TV စီးရီးတွေ အားလုံးဟာ Season 2 ထက် Season 3 က ပိုပြီးကောင်းတယ်”လို့ ပရိသတ်တွေကို ပြောခဲ့တာပါ။

စပါးအသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ယူနိုက်တက်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ၁၇ နှစ်ကြာ ဆုဖလား လက်မဲ့ဖြစ်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

စပါးအသင်း အောင်ပွဲခံနေကြစဉ်

ပိုစတီကိုဂလူးဟာ စပါးအသင်းကို ယူရိုပါလိဂ်ဖလား ရရှိအောင် ဦးဆောင် ကိုင်တွယ်ပေးနိုင်ခဲ့ပေမယ့် သူ့ရဲ့ အနာဂတ်ဟာ မရေမရာဖြစ်နေပြီး စပါးအသင်းအကြီးအကဲ လီဗိုင်းက သူ့ကို ထုတ်ပယ်ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်နေတာပါ။ 

ဒါပေမယ့် ပိုစတီကိုဂလူးဟာ စပါးအသင်းရဲ့ အောင်ပွဲအတွက် အမိုးဖွင့် ဘတ်စ်ကားနဲ့ လှည့်ပတ်အောင်ပွဲခံတဲ့ အခမ်းအနားမှာ အသင်းကို သူ့ရဲ့တတိယမြောက် ရာသီအဖြစ် ထပ်မံကိုင်တွယ်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

စပါးအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုရယူပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိခဲ့ ပေမယ့် ပရီးမီးယားလိဂ်မှာ ဆိုးရွားတဲ့ရလဒ်နဲ့ ရာသီအဆုံးသတ်ဖို့ ရှိနေတာပါ။

အဲ့ဒါကြောင့် စပါးအသင်းဟာ ပိုစတီကိုဂလူးရဲ့ နေရာမှာ အစားထိုးဖို့ ဖူလ်ဟမ်အသင်းနည်းပြ မာကိုဆေးလ်ဗား၊ အိုင်းယက်စ်အသင်းနည်းပြဟောင်း ဖာရီအိုလီတို့ကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က ပိုစတီကိုဂလူးဟာ အသင်းကို ဆုဖလားရရှိအောင် ကိုင်တွယ်ပေး နိုင်ခဲ့တဲ့ နည်းပြဖြစ်တဲ့အတွက် အသင်းမှာဆက်ရှိဖို့ ထိုက်တန်တယ်လို့ ပြောထားတာပါ။

စပါးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်နောက်ဆုံးပွဲအဖြစ် ဘရိုက်တန်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Dailymail