CNI Sport News

၂၀၂၅ ခုနှစ်၊ မတ်လ ၁၈

စပါးအသင်းဟာ ယူရိုပါလိဂ်ဖလားပြိုင်ပွဲမှာ အောင်မြင်မှုမရခဲ့ရင် နည်းပြဖြစ်သူ ပိုစတီကိုဂလူးကို ထုတ်ပယ်ဖို့ စီစဉ်နေပြီး သူ့ရဲ့နေရာမှာ အစားထိုးဖို့အတွက် နည်းပြ ၂ ဦးကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ 

စပါးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေ ဆိုးရွားနေပြီး အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေတာကြောင့် နည်းပြပိုစတီကိုဂလူးဟာ ဖိအားတွေခံစားနေရတာပါ။

ယူရိုပါလိဂ်ပြိုင်ပွဲဟာ ဒီရာသီမှာ စပါးအသင်းအတွက် ဆုဖလားရရှိနိုင်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ပြီး အသင်းဟာ ကွာတားဖိုင်နယ်ကို ရောက်ရှိနေတာဖြစ်ပါတယ်။ 

အဲဒါကြောင့် ယူရိုပါလိဂ်ဖလားဟာ နည်းပြပိုစတီကိုဂလူးရဲ့ စပါးအသင်း အနာဂတ်ကို အဆုံးအဖြတ်ပေးဖို့ ရှိနေတာပါ။ 

The Telegraph က စပါးအသင်းဟာ ပိုစတီကိုဂလူးရဲ့နေရာမှာ အစားထိုးဖို့ နည်းပြရှာဖွေမှုတွေ ပြုလုပ်နေပြီး ဖူလ်ဟမ်အသင်းနည်းပြ မာကိုဆေးလ်ဗားနဲ့ ဘုန်းမောက်အသင်းနည်းပြ အီရာအိုလာတို့ကို သူတို့ရဲ့ ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ ဖော်ပြထားပါတယ်။ 

စပါးအသင်းကိုတွေ့ရစဉ်

မာကိုဆေးလ်ဗားနဲ့ အီရာအိုလာတို့ဟာ ဒီရာသီမှာ သူတို့ရဲ့အသင်းကို ရလဒ်ကောင်းတွေရရှိအောင် ကိုင်တွယ်ပေး ထားပြီး ဖူလ်ဟမ်အသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၈ နဲ့ ဘုန်းမောက်အသင်းက အဆင့် ၁၀ နေရာမှာ ရပ်တည်နေတာပါ။ 

ဘုန်းမောက်အသင်းဟာ ဒီရာသီမှာ ယူနိုက်တက်၊ အာဆင်နယ်၊ နယူးကာဆယ်နဲ့ မန်စီးတီးအသင်းတို့ကို အနိုင် ရရှိထားတာ ဖြစ်ပါတယ်။ 

ဘုန်းမောက်အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်ရှိနေတဲ့ အီရာအိုလာဟာ ပိုစတီကိုဂလူးရဲ့နေရာမှာ အစားထိုး ဝင်ရောက်ပြီး စပါးအသင်းကို ကိုင်တွယ်ခွင့်ရမယ့် အလားအလာကို စိတ်ဝင်စားလိမ့်မယ်လို့ သိရတာပါ။ 

ဖူလ်ဟမ်အသင်းကို ရလဒ်ကောင်းတွေ ရရှိအောင် ကိုင်တွယ်ထားတဲ့ မာကိုဆေးလ်ဗားကို နည်းပြအဖြစ် ခန့်အပ်ဖို့ အသင်းတချို့ကလည်း ချိတ်ဆက်မှုတွေရှိနေပါတယ်။ 

စပါးအသင်းဟာ လာမယ့် နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ချယ်လ်ဆီး၊ ဆောက်သမ်တန်၊ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် ဖရန့်ဖတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Goal