CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀
စပါးအသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်ခံရပြီးနောက် နော်တင်ဟမ်ဖောရက်စ်အသင်း နည်းပြရာထူးကို ရယူခဲ့ တာဟာ စောလွန်းပြီး အမှားဖြစ်ခဲ့တယ်လို့ နည်းပြဟောင်း ပိုစတီကိုဂလူးက ဝန်ခံခဲ့ပါတယ်။
ပိုစတီကိုဂလူးက “နော်တင်ဟမ်ဖောရက်စ်ကိုသွားဖို့ ကျနော် ဆုံးဖြတ်ချက်က ဆိုးရွားခဲ့ပြီး အဲ့ဒါကို ကျနော် တာဝန်ယူရမှာပါ။ စပါးအသင်းကနေ ထွက်ခွာအပြီးမှာ ဒါက အလွန် စောလွန်းခဲ့ပါတယ်။ ဒါက ကျနော့် အမှားသာ ဖြစ်ခဲ့ပြီး တခြားဘယ်သူ့မှ အပြစ် မဟုတ်ပါဘူး”လို့ The Overlap podcast ကို ပြောခဲ့တာပါ။
ပိုစတီကိုဂလူးဟာ စပါးအသင်းကို ယူရိုပါလိဂ်ဖလား ရယူပေးပြီး ဆုဖလားရရှိဖို့ နှစ်ပေါင်း ၁၇ နှစ်ကြာ အသင်း စောင့်ဆိုင်း နေရတာကို အဆုံးသတ် ပေးခဲ့ပေမယ့် ရက်သတ္တပတ် အနည်းငယ်အကြာမှာ ရာထူးကနေ ထုတ်ပယ်ခံ ခဲ့ရပါတယ်။
ဒါပေမယ့် ပိုစတီကိုဂလူးဟာ ပရီးမီးယားလိဂ် ရာသီသစ် စတင်ပြီး မကြာမီမှာတင် နော်တင်ဟမ်ဖောရက်စ်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာပါ။

ပိုစတီကိုဂလူးကို တွေ့ရစဉ်
ပိုစတီကိုဂလူးဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို နိုင်ပွဲရယူပေးနိုင်ခဲ့ခြင်း မရှိတာကြောင့် ရက်ပေါင်း ၃၉ ရက် ကြာသာ ကိုင်တွယ်ခဲ့ရပြီး ထုတ်ပယ်ခံခဲ့ရပါတယ်။
ပိုစတီကိုဂလူး ကိုင်တွယ်ခဲ့တဲ့ ၈ ပွဲမှာ နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ၂ ပွဲသရေနဲ့ ၆ ပွဲရှုံး ရလဒ်ထွက်ပေါ်ခဲ့ တာပါ။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပိုစတီကိုဂလူးရဲ့ နေရာမှာ အစားထိုးခဲ့တဲ့ နည်းပြ ရှောင်ဒိုက်ကိုလည်း မကြာသေးမီက ထုတ်ပယ်ခဲ့ပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ လက်ရှိအချိန်မှာ ဒီရာသီရဲ့ စတုတ္ထမြောက် အမြဲတမ်း နည်းပြအဖြစ် ဗစ်တောပါရဲရားကို ခန့်အပ်ထားပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ ဥရောပဝင်ခွင့်ရခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေပြီး တန်းဆင်းဇုန်အဆင့် ၁၈ နေရာက ဝက်စ်ဟမ်းအသင်းနဲ့ ၃ မှတ်အကွာ အဆင့် ၁၇ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Goal
