CNI News

၂၀၂၅ ခုနှစ်၊ မတ်လ ၁၈

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ဒဏ်ရာကြောင့် ဒီလထဲကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တွေအတွက် ရွေးချယ်ခံထားရတဲ့ လူစာရင်းကနေ ထွက်ခွာခဲ့ပါတယ်။ 

မက်ဆီဟာ အင်တာမိုင်ယာမီအသင်းက အက်လန်တာယူနိုက်တက်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ မေဂျာလိဂ် ပွဲစဉ်မှာ ပါဝင်ကစားခဲ့ရင်း ဒဏ်ရာ ရရှိသွားခဲ့တာပါ။

အဲဒါကြောင့် အင်တာမိုင်ယာမီအသင်းဟာ မက်ဆီရဲ့ ဒဏ်ရာ အခြေအနေကို MRI စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး ကြွက်သားဒဏ်ရာ ရရှိခဲ့ကြောင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။ 

အင်တာမိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့ပွဲတွေမှာ မက်ဆီကို အနားပေးခဲ့ပြီး ကာဗာလီယာအသင်းနဲ့ ကွန်ကာကပ်ဖ် ချန်ပီယံများဖလားပြိုင်ပွဲမှာ လူစားဝင်အဖြစ် အသုံးပြုခဲ့တာပါ။ 

အက်လန်တာအသင်းနဲ့ပွဲမှာတော့ မက်ဆီဟာ အင်တာမိုင်ယာမီအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ပြီး သွင်းဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

မက်ဆီကိုတွေ့ရစဉ်

အဲဒါကြောင့် မက်ဆီဟာ အာဂျင်တီးနားအသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ပွဲကို ပါဝင်နိုင်တော့မှာ မဟုတ် ပါဘူး။

အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)မှာ ၁၂ ပွဲ ကစားထားပြီး ရမှတ် ၂၅ မှတ်နဲ့ ထိပ်ဆုံးနေရာ ရပ်တည်နေတာပါ။ 

အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီဟာ ဒီခြေစစ်ပွဲတွေမှာ ၆ ဂိုး သွင်းယူထားပြီး ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ဦးဆောင်နေတာ ဖြစ်ပါတယ်။ 

အာဂျင်တီးနားအသင်းဟာ မက်ဆီအပြင် ရိုးမားအသင်း တိုက်စစ်မှူး ဒိုင်ဘားလားနဲ့ ရေးဗားပလိတ်အသင်း နောက်ခံလူ မွန်တီရယ်လ်တို့ကိုလည်း ဒဏ်ရာကြောင့် အနားပေးထားရတာပါ။ 

အာဂျင်တီးနားအသင်းဟာ ခြေစစ်ပွဲတွေအဖြစ် မတ်လ ၂၁ ရက်မှာ ဥရုဂွေးအသင်းနဲ့ အဝေးကွင်း၊ ၂၅ ရက်မှာ ဘရာဇီးလ်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: ESPN