CNI Sport News

၂၀၂၅ ခုနှစ်၊ မတ်လ ၁၇

အသလက်တီကိုအသင်းဟာ ဘာစီလိုနာအသင်းကို လာလီဂါပွဲစဉ်မှာ ၄ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် နည်းပြ ဆီမြွန်နီဟာ ချန်ပီယံဆု အခွင့်အရေးအတွက် အကောင်းမြင်မှုရှိနေဆဲ ဖြစ်ပါတယ်။ 

ဆီမြွန်နီက “ကျနော်တို့ဟာ အဆုံးထိ တိုက်ပွဲဝင်သွားမှာပါ။ ပွဲကစားဖို့ ၁၀ ပွဲ ကျန်ရှိနေသေးပြီး ဒီပွဲတွေကို တစ်ပွဲချင်းစီ အနိုင်ရရှိအောင် ကစားသွားမှာပါ။ ရှုံးနိမ့်မှုဟာ ကံဆိုးလို့မဟုတ်ဘဲ တသမတ်တည်း မဖြစ်ခဲ့လို့ပါ။ ကျနော်တို့ဟာ ပြိုင်ဘက်ကို အသိအမှတ်ပြုရမှာပါ”လို့ DAZN ကို ပြောခဲ့တာပါ။ 

အသလက်တီကိုအသင်းဟာ ဒီပွဲစဉ်မှာ ဘာစီလိုနာအသင်းကို ပွဲချိန်မိနစ် ၇၀ အထိ၂ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ ပေမယ့် ချေပဂိုးတွေနဲ့ အနိုင်ဂိုးတွေ ပေးခဲ့ရပြီး ရှုံးပွဲကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ 

အသလက်တီကိုအသင်းဟာ ဒီရှုံးပွဲကြောင့် ထိပ်ဆုံးနေရာက ဘာစီလိုနာအသင်းထက် ၁ ပွဲပိုကစားပြီး ရမှတ် ၄ မှတ် အကွာနဲ့ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။ 

အသလက်တီကိုအသင်း နည်းပြ ဆီမြွန်နီကို တွေ့ရစဉ်

ဘာစီလိုနာအသင်းဟာ အဆင့် ၂ နေရာက ရီးရယ်လ်အသင်းနဲ့ ရမှတ်ချင်းတူညီနေပေမယ့် ၁ ပွဲလျော့နေတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ဘာစီလိုနာအသင်းဟာ ရွှေ့ဆိုင်းခဲ့တဲ့ အိုဆာဆူနာအသင်းနဲ့ ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်ခဲ့ရင် ရီးရယ်လ် အသင်းကို ၃ မှတ်၊ အသလက်တီကိုအသင်းကို ၇ မှတ်အထိ ဖြတ်ပြီးဦးဆောင်နိုင်တော့မှာပါ။ 

အသလက်တီကိုအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရီးရယ်လ်အသင်းကို အရေးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို ဘာစီလိုနာအသင်းကိုလည်း အရေးနိမ့်ခဲ့တာကြောင့် ခက်ခဲတဲ့ ရက်သတ္တပတ်ကို ဖြတ်သန်းခဲ့ရပါတယ်။ 

အသလက်တီကိုနဲ့ ဘာစီလိုနာအသင်းတို့ဟာ စပိန်ကိုပါဒယ်ရေးဖလား ပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် အဖြစ် ထပ်မံထိပ်တိုက် တွေ့ဆုံရဦးမှာပါ။ 

ဒီနှစ်သင်းပထမအကျော့အဖြစ် ကစားခဲ့တုန်းက ၄ ဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။ 

Source: CNA