CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၇
ကြွက်သားဒဏ်ရာ ရရှိနေတဲ့ ကိုးလ်ပါလ်မာဟာ အင်္ဂလန်အသင်း လူစာရင်းကနေ နုတ်ထွက်မယ်လို့ ချယ်လ်ဆီး အသင်းနည်းပြ မာရက်စ်ကာက အတည်ပြုခဲ့ပါတယ်။
မာရက်စ်ကာက “အင်္ဂလန် လေ့ကျင့်ရေးစခန်းဆီ ကိုးလ်ပါလ်မာ သွားရောက်ပူးပေါင်းမယ်လို့ ကျနော် မထင်ပါဘူး။ သူဟာ ကြွက်သားဒဏ်ရာ ရရှိနေတာကြောင့် စကန်ဖတ် စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ဟာ ကစားသမားတွေ ဒဏ်ရာရရှိတာကို မလိုချင်ပေမယ့် ကိုးလ်ရဲ့အခြေအနေက အခုအချိန်မှာ ရုပ်ပိုင်းရော၊ စိတ်ပိုင်း ပါ အနားယူ ပေးရပါလိမ့်မယ်။ ဒါက ကောင်းနိုင်ပါတယ်”လို့ ပြောခဲ့တာပါ။
ကိုးလ်ပါလ်မာကို တွေ့ရစဉ်
ကိုးလ်ပါလ်မာဟာ ချယ်လ်ဆီးအသင်းက အာဆင်နယ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲမတိုင်ခင် လေ့ကျင့်ခန်း အစီအစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် ဒီပွဲစဉ်ကို ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
အသက် ၂၂ နှစ်အရွယ်ရှိ ကိုးလ်ပါလ်မာဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် နည်းပြသစ် တူချယ်လ် ရဲ့ အင်္ဂလန်အသင်း လူစာရင်းမှာ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမယ့် ကိုးလ်ပါလ်မာဟာ ဒဏ်ရာ အခြေအနေကြောင့် အင်္ဂလန်အသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့တာပါ။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဟာ ကိုးလ်ပါလ်မာရဲ့ နေရာမှာ အစားထိုးဖို့အတွက် နော်တင်ဟမ်ဖောရက်စ် အသင်းက ဂစ်ဘ်ဝှိုက်စ်ကို အင်္ဂလန်အသင်း လူစာရင်းထဲမှာ အားဖြည့်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ကိုးလ်ပါလ်မာကို နိုင်ငံတကာ ပွဲစဉ်တွေအပြီး ပြန်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် ပြန်ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်နေတာပါ။
အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအဖြစ် အယ်လ်ဘေးနီးယား၊ လတ်ဗီးယားအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal