CNI Sport News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၈ 

ချယ်လ်ဆီးအသင်းကြယ်ပွင့် ကိုးလ်ပါလ်မာ အပါအဝင် ကစားသမား ၄ ဦးဟာ ဝုလ်ဗ်စ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို လွဲချော်ဖွယ်ရှိတယ်လို့ နည်းပြမာရက်စ်ကာက ပြောခဲ့ပါတယ်။

မာရက်စ်ကာက “ကိုးလ်ပါလ်မာ၊ ကိုဝဲလ်၊ လာဗီးယားနဲ့ အန်ဇိုတို့ဟာ လေ့ကျင့်ခန်း အစီအစဉ်မှာ ပါဝင်ခဲ့ခြင်း မရှိတဲ့အတွက် ဝုလ်ဗ်စ်နဲ့ပွဲကို ပါဝင်နိုင်ဖို့ မသေချာပါဘူး။ သူတို့တွေဟာ နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ ကိုးလ်ပါလ်မာဟာ ခြေချင်းဝတ် ဒဏ်ရာရရှိခဲ့ပြီး ပြိုင်ဘက်ရဲ့ကန်ခြင်းကို ခံခဲ့ရတာပါ။ နောက်နေ့ တွေမှာ သူ လေ့ကျင့်ခန်း ဆင်းနိုင်မလားဆိုတာ ကျနော်မသိပါဘူး။ အန်ဇို၊ လာဗီးယားနဲ့ ကိုဝဲလ်တို့လည်း အလားအတူ အခြေအနေပါပဲ”လို့ ပြောခဲ့တာပါ။

 ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ မိုကမ်ဘီအသင်းနဲ့ FA ဖလားပွဲစဉ်မှာ ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲစလုံး နိုင်ပွဲပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ နိုင်ပွဲပြန်လည် ရယူနိုင်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ အဓိက ကစားသမား ၄ ဦးဒဏ်ရာ ရရှိနေတာကို ကြုံတွေ့နေရတာပါ။ 

ကိုးလ်ပါလ်မာဟာ ဒီရာသီမှာ ချယ်လ်ဆီး အသင်းအတွက် ၁၄ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ် ထားပေမယ့် နည်းပြ မာရက်စ်ကာက သူမပါဝင်နိုင်လည်း အသင်းဟာ နိုင်ပွဲရယူနိုင်ဖို့ အဖြေရှာရမယ်လို့ ပြောထားပါတယ်။
 
ချယ်လ်ဆီးအသင်းဟာ ခံစစ်ပိုင်းဒဏ်ရာ အခက်အခဲကြောင့် ပြီးခဲ့တဲ့နွေရာသီက ခရစ္စတယ်ပဲလေ့စ်အသင်းထံ အငှားချခဲ့တဲ့ နောက်ခံလူ ချာလိုဘာကို ပြန်ပြီးခေါ်ယူခဲ့တာပါ။ 

ချာလိုဘာဟာ ခရစ္စတယ်ပဲလေ့စ် အသင်းအတွက် ၁၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၃ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ 

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ချာလိုဘာကို ပြန်ခေါ်ခဲ့တာဟာ အကောင်းဆုံး ဖြေရှင်းချက်ဖြစ်ပြီး သူဒီမှာရှိနေရတာကို အလွန်ပျော်ရွှင်နေတယ်လို့ ပြောခဲ့ပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ နိုင်ပွဲတွေ ဆက်တိုက် ပျောက်ဆုံးခဲ့လို့ အဆင့် ၄ အပြင်ဘက်ကို ရောက်ရှိသွားခဲ့တဲ့အတွက် ဝုလ်ဗ်စ်အသင်းနဲ့ပွဲစဉ်မှာ နိုင်ပွဲပြန်လည်ရယူပြီး ထိပ်ဆုံး ၄ သင်းထဲ ပြန်ဝင်ရောက်နိုင်ဖို့ 
ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ 

Source: Metro