CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၅

ဘာရိုးလ်အသင်းကို အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလားပြိုင်ပွဲမှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ အန်ကွန်ကူ အပါအဝင် ကစားသမား ၃ ဦးဟာ ချယ်လ်ဆီးအသင်းအတွက် ပွဲစတင်ကစားဖို့ ထိုက်တန်တယ်လို့ နည်းပြ မာရက်စ်ကာက ပြောခဲ့ပါတယ်။ 

မာရက်စ်ကာက “နိုင်ပွဲအတွက် ပျော်ရွှင်သလို အန်ကွန်ကူ၊ နက်တိုနဲ့ ဂျာအိုဖီးလစ်တို့ အတွက်လည်း ပျော်ရွှင်ပါ တယ်။ သူတို့တွေဟာ ပရီးမီးယားလိဂ်မှာ ပွဲအစကတည်းက ပါဝင်ဖို့ ထိုက်တန်ပေမယ့် သူတို့ကစားခွင့် မရခဲ့ပါဘူး။ သူတို့ကို ကျနော်ကစားခွင့် မိနစ်တွေပေးတဲ့အချိန်မှာ သူတို့အခွင့်အရေး ရယူပုံတွေက အလွန်ကောင်းပါတယ်။ သူတို့အားလုံး အဆင်သင့်ဖြစ်နေတာက အရေးကြီးဆုံးအရာပါ”လို့ ပြောခဲ့တာပါ။ 

ချယ်လ်ဆီးအသင်းဟာ ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ဘာရိုးလ်အသင်းနဲ့ ကစားခဲ့တာမှာ ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာဟာ ဒီပွဲမှာ ပွဲထွက်လူစာရင်းကို တစ်သင်းလုံးနီးပါး အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး တိုက်စစ်မှာ အန်ကွန်ကူ၊ ဂျာအိုဖီးလစ်၊ နက်တိုနဲ့ မူဒရစ်တို့ကို အသုံးပြုခဲ့တာပါ။ 

ချယ်လ်ဆီးအသင်းကိုတွေ့ရစဉ်

အန်ကွန်ကူက ဟက်ထရစ် သွင်းခဲ့ပြီး နက်တိုက ၁ ဂိုး သွင်းယူခဲ့သလို ဂျာအိုဖီးလစ်က ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် အန်ကွန်ကူ၊ ဂျာအိုဖီးလစ်နဲ့ နက်တိုတို့ဟာ ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်ရဖို့အတွက် ဂျက်ဆန်၊ မာဒူကီ၊ ဆန်ချိုတို့နဲ့ ယှဉ်ပြိုင်နေရတာပါ။

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက အန်ကွန်ကူနဲ့ ဂျက်ဆန်တို့ကို အတူတွဲ အသုံးပြုလို့ရပေမယ့် ခံစစ်ပိုင်းမှာ အခက်အခဲ ဖြစ်နိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။

ချယ်လ်ဆီးအသင်း ရောင်းချမယ့် စာရင်းထဲပါဝင်ခဲ့တဲ့ နောက်ခံလူ ဘန်ချီဝဲလ်ဟာ ဘာရိုးလ်အသင်းနဲ့ ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ လူစားလဲဝင်ရောက် ကစားသွားခဲ့တာပါ။ 

ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၃ ပွဲဆက်တိုက် ပေးဂိုးမပေးရဘဲ နိုင်ပွဲရရှိနေပြီး ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Metro