CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၅

ကိုမိုအသင်းနောက်ခံလူ ဗာရန်းဟာ နောက်ဆုံးရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကစားသမားဘဝကနေ အနားယူဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဗာရန်းဟာ ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် စီးရီးအေတန်းတက်ကလပ် ကိုမိုအသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။ 

ဗာရန်းဟာ ပြီးခဲ့တဲ့လက ဆမ်ဒိုးရီးယားအသင်းနဲ့ ကိုပါအီတာလီယာဖလားပွဲစဉ်မှာ ကိုမိုအသင်း ကစားသမားဘဝ ပွဲဦးထွက်အဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့် ဗာရန်းဟာ ဒဏ်ရာကြောင့် ပွဲကစားချိန်မိနစ် ၂၀ ကျော်မှာ လူစားလဲခံခဲ့ရတာပါ။

ဆေးစစ်မှုတွေအရ ဗာရန်းဟာ ဒူးဒဏ်ရာရရှိခဲ့ပြီး ကာလရှည်ကြာ အနားယူရနိုင်တာကြောင့် နည်းပြ ဖာဘရီဂတ်စ် ဟာ သူ့ကို ကိုမိုအသင်းရဲ့ စီးရီးအေလူစာရင်းမှာ ချန်လှပ်ခဲ့တာဖြစ်ပါတယ်။ 

အခုအချိန်မှာတော့ ဗာရန်းဟာ အသက် ၃၁ နှစ်အရွယ်မှာ ကစားသမားဘဝကနေ အနားယူဖို့ စဉ်းစားနေတယ်လို့ La Parisien က ဖော်ပြထားတာပါ။

ဗာရန်းကို တွေ့ရစဉ်

ဗာရန်းဟာ ထိပ်တန်းအဆင့်မှာ ၁၄ နှစ်ကြာ ကစားခဲ့ပြီးနောက် ကစားသမားဘဝကနေ အနားယူတဲ့ ဆုံးဖြတ်ချက် ကို မကြာခင်မှာ ကြေညာသွားဖွယ်ရှိနေတာ ဖြစ်ပါတယ်။

ပြင်သစ်လီဂူး-၁ ကလပ် လန်းစ်အသင်းရဲ့ လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တဲ့ ဗာရန်းဟာ အသင်းကြီးမှာ တစ်ရာသီကြာ ကစားပြီးနောက် ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။ 

ဗာရန်းဟာ ရီးရယ်လ်အသင်းမှာ ဆယ်စုနှစ်တစ်ခုကြာ ပွဲပေါင်း ၃၆၀ ပါဝင်ကစားခဲ့ပြီး လာလီဂါဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ် နွေရာသီမှာတော့ ဗာရန်းဟာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ဒဏ်ရာ အများအပြားနဲ့ ရင်ဆိုင် ခဲ့ရပေမယ့် FA ဖလားနဲ့ ကာရာဘောင်းဖလား ရယူနိုင်ခဲ့တာပါ။

ဗာရန်းဟာ ပြင်သစ်အသင်းအတွက် ၉၃ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူနိုင်ခဲ့ကာ ၂၀၂၂ ခုနှစ်မှာ နိုင်ငံတကာ ကစားသမားဘဝကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။

Source: Dailymail