CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၇

ယူနိုက်တက်အသင်းဟာ ရာသီကုန်ချိန်မှာ ဝါရင့်ကွင်းလယ်လူ ကတ်စီမီရိုကို အသင်းကနေ ထွက်ခွာခွင့်ပေးမယ့် ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ဖို့ အစီအစဉ် မရှိဘူးလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ 

ယူနိုက်တက်အသင်းမှာ တစ်ပတ်လုပ်ခပေါင် ၃၅၀,၀၀၀ ရရှိနေတဲ့ ဘရာဇီးလ်ကွင်းလယ်လူ ကတ်စီမီရိုဟာ စာချုပ် ကုန်ဆုံးမယ့် ဒီရာသီကုန်ရင် အသင်းကနေ ထွက်ခွာမယ်လို့ ဇန်နဝါရီလက ကြေညာခဲ့တာပါ။ 

ကတ်စီမီရိုဟာ ဒီရာသီမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနေပေမယ့် ယူနိုက်တက်အသင်းဟာ ကတ်စီမီရိုကို စာချုပ်သစ် မကမ်းလှမ်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ 

 ယူနိုက်တက်အသင်းဟာ အသင်းရဲ့ လုပ်ခလစာ ပေးချေမှုကို ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပြီးနောက် လုပ်ခလစာ အများကြီး ပေးချေနေရတဲ့ ကတ်စီမီရိုကို ရာသီကုန်ချိန်မှာ အလွတ်နဲ့ထွက်ခွာခွင့် ပေးခဲ့တာပါ။ 

ကတ်စီမီရိုကို တွေ့ရစဉ်

ကတ်စီမီရိုကလည်း ရာသီကုန်ဆုံးဖို့ နီးကပ်လာချိန်မှာ ရှုပ်ထွေးမှုတွေ မဖြစ်အောင် သူအသင်းကနေ ထွက်ခွာမယ့် အကြောင်းကို လူသိရှင်ကြား ထုတ်ပြန်ပေးဖို့ အသင်းကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ကတ်စီမီရိုဟာ ပြီးခဲ့တဲ့ အက်စတွန်ဗီလာအသင်းနဲ့ပွဲမှာ အသင်းအတွက် အဖွင့်ဂိုး သွင်းယူပြီးနောက် ယူနိုက်တက် အသင်း ပရိသတ်တွေအရှေ့မှာ သူ့အင်္ကျီပေါ်က ကလပ်တံဆိပ်ကို အကြိမ်ကြိမ် ပြသပြီး အောင်ပွဲခံခဲ့တာပါ။ 

ပရိသတ်တွေကလည်း ကတ်စီမီရိုကို နောက်ထပ် တစ်ရာသီကြာ အသင်းမှာ ဆက်နေပေးဖို့ သီဆိုမှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ယူနိုက်တက်အသင်းကတော့ ကတ်စီမီရို ထွက်ခွာမယ့် ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ဖို့ အစီအစဉ် မရှိကြောင်း သတင်းရင်းမြစ်တွေက ပြောခဲ့ပါတယ်။

၂၀၂၂ ခုနှစ်နွေရာသီမှာ ရီးရယ်လ်အသင်းကနေ ရောက်လာခဲ့တဲ့ ကတ်စီမီရိုဟာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၁၅၄ ပွဲကစားထားပြီး ၂၄ ဂိုး သွင်းယူထားပါတယ်။ 

Source: BBC