CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၁

ဘရာဇီးလ်ကွင်းလယ်လူ ကတ်စမဲရိုးဟာ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်ပြီး ဒဏ်ရာကနေ အမြန်ဆုံးသက်သာဖို့ နီးစပ်နေပြီလို့ ယူနိုက်တက်အသင်းက တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ကတ်စမဲရိုးဟာ ယူနိုက်တက်အသင်းက နယူးကာဆယ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် အနားယူနေခဲ့ရတာပါ။ 

ပြီးခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ ပွဲမှာ အရေးနိမ့်ခဲ့တဲ့ ယူနိုက်တက်အသင်းအတွက် ကတ်စမဲရိုး လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့တာဟာ သတင်းကောင်း ဖြစ်ခဲ့ပါတယ်။

ကတ်စမဲရိုးဟာ တစ်ဦးတည်း လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး မကြာခင်မှာ အသင်းဖော်တွေနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နိုင်ဖို့ ရှိနေပါတယ်။

ယူနိုက်တက်အသင်းကတော့ ကတ်စမဲရိုးကို ခရစ္စမတ်ကာလ မတိုင်ခင် အသင်းအတွက် ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

တစ်ဦးတည်း လေ့ကျင့်ခန်းဆင်းနေတဲ့ ကတ်စမဲရိုးကို တွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ ကစားသမားတွေရဲ့ ဒဏ်ရာတွေကြောင့် ဒီရာသီမှာ ရလဒ်ပိုင်း မတည်မငြိမ်ဖြစ်နေပြီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ ၁ ပွဲသာ အနိုင်ရပြီး ၂ ပွဲအရေးနိမ့်ခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ ကတ်စမဲရိုးအပြင် ကွင်းလယ် ကစားသမားတွေဖြစ်တဲ့ မေဆန်မောင့်နဲ့ အဲရစ်ဆန်တို့ လည်း အနားယူနေရတာကြောင့် ကွင်းလယ်အတွက် အမ်ရာဘတ်၊ တော်မီနေးနဲ့ ကိုဘီမိုင်နူးတို့ကိုသာ အသုံးပြု နေရတာ ဖြစ်ပါတယ်။

ကတ်စမဲရိုးဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ဒီရာသီမှာ ခြေစွမ်းပြသဖို့ ရုန်းကန်နေရသလို ဒဏ်ရာကြောင့် မကြာခဏ အနားယူနေရပါတယ်။

အဲ့ဒါကြောင့် ယူနိုက်တက်အသင်းဟာ လာမယ့် အပြောင်းအရွှေ့တွေမှာ ကတ်စမဲရိုးအတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ 

အသက် ၃၁ နှစ်အရွယ်ရှိ ကတ်စမဲရိုးဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၁၂ ပွဲ ပါဝင်ကစားထားပြီး ၄ ဂိုး သွင်းယူထားတာပါ။

ယူနိုက်တက်အသင်းဟာ ကြားရက်ထဲမှာ ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Besoccer