CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၁

ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်က သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘာစီလိုနာ အသင်းဖော်ဟောင်း မက်ဆီနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဝန်ခံခဲ့သလို အင်တာမိုင်ယာမီအသင်းဟာ သူ့ရဲ့ ရွေးချယ်စရာတွေထဲက တစ်သင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဆွာရက်ဇ်က “ကျနော်သွားမယ့် နေရာတွေကို သိနိုင်ဖို့အတွက် ကျနော့်ရဲ့ ရှေ့နေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွား မှာပါ။ ဂရီမီယိုအသင်းနဲ့ ပြီးဆုံးခဲ့တဲ့ အချိန်အထိ ကျနော်ဘာမှကို မသိချင်တာပါ။ အင်တာမိုင်ယာမီကတော့ ဖြစ်နိုင်ဖွယ်ရှိတဲ့ အသင်းလို့ ပြောလို့ရပါတယ်။ ကျနော့်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားနဲ့ အလွန်ကောင်း မွန်တဲ့ သူငယ်ချင်းရှိပြီး အနာဂတ်အကြောင်း အမြဲပြောဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်အနားယူဖို့ လိုအပ်နေပြီး ဒါပြီးမှ ဆုံးဖြတ်ချက်ချမယ်”လို့ ပြောခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ ဆွာရက်ဇ်ဟာ ဂရီမီယိုအသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် အသင်းလက်မဲ့အဖြစ် ရှိနေတာ ဖြစ်ပါတယ်။

ဆွာရက်ဇ်ဟာ ကာလရှည်ကြာ ခံစားနေရတဲ့ ဒူးဒဏ်ရာကြောင့် ကစားသမားဘဝကို အဆုံးသတ်ဖို့အထိ စဉ်းစား နေတာပါ။

မက်ဆီနဲ့ ဆွာရက်ဇ်ကို တွေ့ရစဉ်

ဒါပေမယ့် ဥရုဂွေးတိုက်စစ်မှူးဟာ သူ့ရဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ မက်ဆီ၊ ဘတ်စ်ကွက်စ်နဲ့ အယ်လ်ဘာတို့ရှိတဲ့ အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့ဖို့ကလည်း သူစဉ်းစားနေတဲ့ အကြောင်းအရာ တွေထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ 

ဆွာရက်ဇ်ဟာ ဂရီမီယိုအသင်းအတွက် ကစားခဲ့တဲ့ ၅၄ ပွဲမှာ ၂၉ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် သူ့ရဲ့ ဂိုးသွင်း စွမ်းရည်ကို အသင်းအချို့က သဘောကျနေတာပါ။ 

အင်တာမိုင်ယာမီ အသင်းကတော့ လာမယ့်ရာသီ မေဂျာလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုရယူနိုင်ဖို့ ရည်မှန်းထားတာ ကြောင့် ဆွာရက်ဇ်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ 

မေဂျာလိဂ်ကလပ်ဟာ ရာသီသစ် မစတင်ခင် ရာသီကြိုခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားတာကြောင့် ဒီပွဲတွေကစားဖို့ ထွက်ခွာမယ့် လူစာရင်းထဲမှာ ဆွာရက်ဇ်ကိုပါ ခေါ်ဆောင်သွားနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

အင်တာမိုင်ယာမီအသင်းဟာ အယ်လ်ဆာဗေးဒိုး၊ ဟောင်ကောင်အသင်း၊ ဂျပန်ကလပ်တို့နဲ့ ရာသီကြို ခြေစမ်းပွဲ ကစားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

Source: Goal