CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၅

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက အလာဗက်စ်အသင်းကို အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ တိုက်စစ်မှူး ဘတ်ပီ ဒဏ်ရာရခဲ့ခြင်းမရှိဘူးလို့ အတည်ပြုခဲ့ပါတယ်။

အန်ဆယ်လော့တီက “ဘတ်ပီ အဆင်ပြေပါတယ်။ သူဟာ ကြွက်သား အနည်းငယ် တင်းမာသလို ခံစားခဲ့ရတာပါ။ အဲဒါကြောင့် ပြဿနာတွေ မရှိလာအောင် လူစားလဲပေးဖို့ သူတောင်းဆိုခဲ့တာပါ။ သူအဆင်ပြေပါတယ်”လို့ ပြောခဲ့တာပါ။ 

သတင်းတွေမှာ ဘတ်ပီဟာ အသေးစား ပေါင်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် ဆေးစစ်မှုတွေ ခံယူရမယ်လို့ ဖော်ပြထား တာ ဖြစ်ပါတယ်။

ဘတ်ပီဟာ ရီးရယ်လ်အသင်းက အလာဗက်စ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ၁ ဂိုးသွင်းယူခဲ့ပြီး ပွဲချိန်မိနစ် ၈၀ မိနစ်မှာ လူစားလဲခံခဲ့ရတာပါ။

ပြီးခဲ့တဲ့နွေရာသီက ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ဘတ်ပီဟာ ရာသီအစ လာလီဂါပွဲတွေမှာ ဂိုးမသွင်းနိုင်ခဲ့လို့ ဝေဖန်မှုတွေခံခဲ့ရတာဖြစ်ပါတယ်။ 

 ဘတ်ပီကို တွေ့ရစဉ်

ဒါပေမယ့် ဘတ်ပီဟာ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါပွဲစဉ် ၄ ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး သွင်းဂိုး ၅ ဂိုးအထိ ရယူနိုင်ခဲ့တာပါ။ 

အခုဆိုရင် ဘတ်ပီဟာ ရီးရယ်လ်အသင်းအတွက် ပြိုင်ပွဲစုံ ၉ ပွဲ ကစားအပြီးမှာ ၇ ဂိုးအထိ သွင်းယူထားနိုင်တာ ဖြစ်ပါတယ်။

ရီးရယ်လ်အသင်းဟာ အလာဗက်စ်အသင်းကို အနိုင်ရခဲ့တာကြောင့် နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲဆက် တိုက်နိုင်ပွဲရခဲ့ပြီး လာလီဂါ အမှတ်ပေးဇယားမှာ အဆင့် ၂ နေရာ ရပ်တည်နေတာပါ။ 

ရီးရယ်လ်အသင်းဟာ ဒီတစ်ပတ် လာလီဂါပွဲစဉ်အဖြစ် မြို့ခံပြိုင်ဘက် အသလက်တီကိုအသင်းနဲ့ မက်ဒရစ်ဒါဘီ ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: besoccer