CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၅

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ကာရာဘောင်းဖလားပြိုင်ပွဲမှာ အအောင်မြင်ဆုံး နည်းပြတစ်ဦးဖြစ် ပေမယ့် ဒီဖလားအတွက် စွမ်းအင်တွေကို ဖြုန်းတီးမှာမဟုတ်ဘူးလို့ ဝက်ဖို့ဒ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “နောက်တစ်ဆင့်မှာလည်း ကျနော်ဒုတိယအသင်းနဲ့ ကစားသွားမှာပါ။ ကျနော်တို့ စွမ်းအင်တွေကို ဖြုန်းတီးမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ ပွဲစဉ်ဇယားတွေကို ကျနော်တို့ ဘယ်လိုမှ ထိန်းချုပ်လို့မရပါဘူး။ ကျနော်တို့ဟာ နောက်တစ်ဆင့်တက်ဖို့အတွက် ကစားခဲ့ပြီး ပြိုင်ပွဲကို ပစ်ပယ်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ နာရီ ၅၀ ကမှ ကျနော်တို့ ပွဲကစားထားခဲ့ရတာပါ။ ကျနော်ဟာ ဒီပြိုင်ပွဲကို ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ် တို့နဲ့အတူ စွန့်စားမှာမဟုတ်ဘူး”လို့ ပြောခဲ့တာပါ။ 

မန်စီးတီးအသင်းဟာ ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်မှာ ဝက်ဖို့ဒ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး နောက်တစ်ဆင့်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ဒီပွဲမှာ ပြီးခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ပွဲစဉ်က ပွဲထွက် လူစာရင်းကို ၉ ဦးအထိ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဝေါလ်ကာနဲ့ ဒိုကူတို့ ၂ ဦးကိုသာ ဆက်ပြီးအသုံးပြုခဲ့တာပါ။

မန်စီးတီးအသင်းကို တွေ့ရစဉ်

ဂွာဒီယိုလာဟာ ကာရာဘောင်းဖလားပြိုင်ပွဲမှာ မန်စီးတီးအသင်းနဲ့အတူ ချန်ပီယံဆုကို ၄ ကြိမ် ရယူနိုင်ခဲ့ပေမယ့် ဒီပြိုင်ပွဲအပေါ် သူကွဲပြားစွာ ကြည့်ရှုရမယ်လို့ ခံစားနေရတာဖြစ်ပါတယ်။ 

ဒါအပြင် အာဆင်နယ်အသင်းနဲ့ ပွဲမှာ ဒူးအရွတ် ဒဏ်ရာရရှိသွားခဲ့တဲ့ မန်စီးတီးအသင်း ကွင်းလယ်လူ ရိုဒရီဟာ ကာလရှည်ကြာ အနားယူရမယ်လို့ နည်းပြ ဂွာဒီယိုလာက အတည်ပြုခဲ့ပါတယ်။ 

ရိုဒရီဟာ အစားထိုးလို့ မရတဲ့သူဖြစ်တဲ့အတွက် သူကာလရှည်ကြာ အနားယူရမယ့်အပေါ် အဖြေရှာရမယ်လို့လည်း စပိန်လူမျိုးနည်းပြက ပြောခဲ့တာပါ။

ရိုဒရီဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးနဲ့ စပိန်အသင်းအတွက် ပွဲပေါင်း ၆၃ ပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲပြီး ရင် ကြားရက်ထဲမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဆလိုဗန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: BBC