CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၅

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက အသင်းဟာ ဒီရာသီမှာ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ကိုမယှဉ်ပြိုင်နိုင်ဘူးဆိုတာ ယုံကြည်တယ်လို့ ပြောခဲ့ပါတယ်။

မာရက်စ်ကာက”ချယ်လ်ဆီးအသင်းဟာ မန်စီးတီး ဒါမှမဟုတ် အာဆင်နယ်ကို ယှဉ်ပြိုင်နိုင်မယ်လို့ ကျနော်မထင်ပါဘူး။ ကျနော်တို့အဆင်သင့် မဖြစ်သေးပါဘူး။ အကြောင်းပြချက်ဆိုရင် မန်စီးတီးအသင်းဟာ နည်းပြတစ်ဦးတည်းနဲ့ ၉ နှစ်ကြာလက်တွဲခဲ့ပြီး အာဆင်နယ်အသင်းက ၅ နှစ်ကြာလက်တွဲခဲ့တာပါ။ ကြီးမားတဲ့အရာတွေအတွက် ယှဉ်ပြိုင်ချင်တယ်ဆိုရင် အချိန်လိုအပ်ပါတယ်။ကျနော်တို့က ၃ လပဲရှိသေးတဲ့အတွက် ကြီးမားတဲ့ခြားနားချက်ပါပဲ”လို့ ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ နည်းပြ မာရက်စ်ကာလက်ထက် ဒီရာသီကစားထားတဲ့ ၁၀ ပွဲမှာ ၇ ပွဲအနိုင်ရခဲ့ပြီး ဒီပွဲတွေမှာ ၂၇ ဂိုးအထိ သွင်းယူကာ အကောင်းဆုံးပုံစံတစ်ခုကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ နိုင်ပွဲဆက်မှုကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၄ နေရာ ရပ်တည်နေပြီး အဆင့် ၁ နေရာက လီဗာပူးလ်အသင်းနဲ့ ၂ မှတ်သာကွာဟတာပါ။ 

ချယ်လ်ဆီးအသင်းဟာ အောင်မြင်မှုတွေပြန်လည် ရယူနိုင်ဖို့အတွက် နောက်ဆုံးအပြောင်းအရွှေ့ ၅ ခုမှာ ပေါင် ၁.၅ ဘီလီယံ သုံးစွဲခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းကို တွေ့ရစဉ်

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက သူ့ရဲ့ပထမဆုံးရာသီမှာ အချိန်နဲ့ စိတ်ရှည်မှုကို လိုချင်နေတာပါ။ 

ဒါပေမယ့် ချယ်လ်ဆီးအသင်းကို တော့ဒ်ဘိုလီဦးဆောင်တဲ့ ပိုင်ရှင်အစုအဖွဲ့ရဲ့ ပိုင်ဆိုင်မှုက တတိယနှစ်ထဲကို ဝင်ရောက်လာခဲ့တာကြောင့် သူတို့တွေဟာ ဆုဖလားအောင်မြင်မှု ရယူချင်နေတာဖြစ်ပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ နိုင်ငံတကာပွဲစဉ်မတိုင်ခင် နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲကစားအပြီးမှာ ရမှတ် ၉ မှတ်နဲ့ အဆင့် ၁၀နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Source: BBC