CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၅

စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ပါဝင်နိုင်မှာ မဟုတ်သလို တောင်ကိုရီးယားအသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ပွဲစလုံးကို လွဲချော်မှာ ဖြစ်ပါတယ်။ 

ဆွန်ဟောင်မင်ဟာ စပါးအသင်းက ကာရာဘတ် အသင်းကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာပါ။ 

အဲဒါကြောင့် ဆွန်ဟောင်မင်ဟာ စပါးအသင်းနောက်ဆုံးကစားခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်၊ ဖီရန်စီဗာရို့စ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ 

စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက ဆွန်ဟောင်မင်ဟာ ပါဝင်နိုင်ဖို့အတွက် ပြင်းပြင်းထန်ထန် တွန်းအားပေးလုပ်ဆောင်နေပေမယ့် ပါဝင်နိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့တာပါ။ 

ဆွန်ဟောင်မင်ဟာ ဒီရာသီမှာ စပါးအသင်းအတွက် ၇ ပွဲ ပါဝင်ကစားထားပြီး ၂ ဂိုးသွင်းယူကာ ၂ ဂိုး ဖန်တီးမှု ပြုလုပ်ထားတာ ဖြစ်ပါတယ်။ 

ဆွန်ဟောင်မင်ကို တွေ့ရစဉ်

စပါးအသင်းဟာ ဆွန်ဟောင်မင် မပါဝင်နိုင်ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲဆက်တိုက် နိုင်ပွဲရယူထားတာပါ။ 

တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်ကလည်း ဆွန်ဟောင်မင်ကို လာမယ့် ဂျော်ဒန်၊ အီရတ်အသင်းတို့နဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)အတွက် ခေါ်ယူသွားမှာမဟုတ်ဘူးလို့ အတည်ပြုထားပါတယ်။ 

တောင်ကိုရီးယားဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဆွန်ဟောင်မင်ရဲ့ ကျန်းမာရေးအခြေအနေကို ကာကွယ်ဖို့အတွက် လူစာရင်းမှာ မရွေးချယ်ခဲ့တာလို့ ဖော်ပြထားတာပါ။ 

တောင်ကိုရီးယားအသင်း ခေါင်းဆောင် ဆွန်ဟောင်မင်ဟာ နိုင်ငံအသင်းအတွက် ၁၂၉ ပွဲကစားထားပြီး ၄၉ ဂိုး သွင်းယူထားပါတယ်။ 

တောင်ကိုရီးယားအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ပွဲကစားအပြီးမှာ ရမှတ် ၄ မှတ်ရရှိထားတာဖြစ်ပါတယ်။ 

Source: CNA