CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉

စပါးအသင်း တောင်ပံကစားသမား ကူဒက်စ်ဟာ ဆန်းဒါးလန်းအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ရခဲ့တဲ့ ပေါင်ဒဏ်ရာကြောင့် ဧပြီလအထိ အနားယူရမယ်လို့ နည်းပြ သောမတ်စ်ဖရန့်ခ်က ပြောခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နွေရာသီက ဝက်စ်ဟမ်းအသင်းကနေ ပေါင် ၅၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ကူဒက်စ်ဟာ စပါးအသင်း အတွက် ပြိုင်ပွဲစုံ ၂၆ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားတာပါ။

ကူဒက်စ်ဟာ လာမယ့် မတ်လ နိုင်ငံတကာပွဲတွေအပြီး ဧပြီ ၁၁ ရက်မှာ ပြန်ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာ စပါးအသင်းအတွက် ပြန်လည်ပါဝင်နိုင်ဖို့ရှိနေပါတယ်။ 

စပါးအသင်းဟာ ကူဒက်စ်ကို ဒဏ်ရာကြောင့် လက်လွှတ်ရမယ့်အပြင် ကွင်းလယ်လူ ဘာ့ဂ်ဗောလ်ရဲ့ ဒဏ်ရာကို စစ်ဆေးမှုတွေ ပြုလုပ်ရမှာဖြစ်သလို ဘန်တန်ကာကိုလည်း တံကောက်ကြော ဒဏ်ရာကြောင့် အနားပေးရဖို့ ရှိနေတာပါ။

ကူဒက်စ်ကို တွေ့ရစဉ် 

စပါးအသင်းဟာ တိုက်စစ် ကစားသမားတွေဖြစ်တဲ့ မက်ဒီဆန်၊ ကူလူဆက်ဗ်စကီးနဲ့ ဆိုလန်ကီတို့ကိုလည်း အနားပေးထားရပြီး ဘရန်နန်ဂျွန်ဆင်ကို ခရစ္စတယ်ပဲလေ့စ်အသင်းထံ ရောင်းချထားပါတယ်။

အဲ့ဒါကြောင့် စပါးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ တိုက်စစ် ကစားသမားတစ်ဦး ခေါ်ယူဖို့ ပစ်မှတ်ထား နေတာပါ။ 

စပါးအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ ဘုန်းမောက်အသင်းကို အရေးနိမ့်ခဲ့တာ အပါအဝင် ပရီးမီးယားလိဂ် မှာ ရလဒ်တွေ ဆိုးနေပြီး အဆင့် ၁၄ နေရာမှာ ရပ်တည်နေတာပါ။

ဒီပွဲမှာ စပါးအသင်း ကစားသမားအချို့နဲ့ အသင်းပရိသတ်တွေ အပြန်အလှန် အချင်းများမှုတွေ ရှိခဲ့ကြပြီး အသင်း ခေါင်းဆောင် ရိုမဲရိုးက အသင်းအကြီးအကဲတွေကို ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။

စပါးအသင်းဟာ လာမယ့်ပွဲအဖြစ် အက်စတွန်ဗီလာအသင်းနဲ့ FA ဖလားတတိယအဆင့် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: CNA