CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၀
နော်ဝေလူမျိုးနည်းပြ ဆိုးလ်ရှားဟာ ယာယီနည်းပြရာထူးအတွက် ယူနိုက်တက်အသင်း အကြီးအကဲတွေနဲ့ စနေနေ့မှာ မျက်နှာချင်းဆိုင် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ရှိတယ်လို့ ဗြိတိန်မီဒီယာအများအပြားက ဖော်ပြထား ပါတယ်။
ယူနိုက်တက်အသင်းဟာ ရာသီကုန်အထိ ယာယီနည်းပြ ခန့်အပ်မှုကို အပြီးသတ်ဖို့ လုပ်ဆောင်နေပြီး ဒီရာထူးကို ရယူနိုင်ဖို့ ရေပန်းစားနေတဲ့ သူတွေထဲက တစ်ဦးဖြစ်တဲ့ ကွင်းလယ်လူဟောင်း မိုက်ကယ်ကာရစ်နဲ့ အသင်း အကြီးအကဲတွေဟာ တွေ့ဆုံမှု ပြုလုပ်ပြီး ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့် မန်စီးတီးအသင်းနဲ့ မန်ချက်စတာဒါဘီ ပွဲမတိုင်မီ ယာယီနည်းပြ ခန့်အပ်ချင် နေတာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်မှာ ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟို ထွက်ခွာပြီးနောက် ဆိုးလ်ရှားနဲ့ ကာရစ်တို့ဟာ ယူနိုက်တက် အသင်းမှာ အတူလက်တွဲ အလုပ်လုပ်ခဲ့ပေမယ့် အခုအချိန်မှာတော့ သူတို့ ၂ ဦးစလုံးဟာ ယာယီနည်းပြရာထူးကို ရယူချင်နေတာပါ။

ဆိုးလ်ရှားနဲ့ မိုက်ကယ်ကာရစ်ကို တွေ့ရစဉ်
ဆိုးလ်ရှားဟာ မော်ရင်ဟို ထွက်ခွာသွားချိန်မှာ ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ပြီး ရလဒ်ကောင်းတွေ ရယူပေးနိုင်ခဲ့တာကြောင့် ၂၀၁၉ ခုနှစ်၊ မတ်လမှာ အမြဲတမ်း နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပါ တယ်။
ဒါပေမယ့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာ ယူနိုက်တက်အသင်း နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဆိုးလ်ရှားဟာ တူရကီကလပ် ဘီဆစ်တက်အသင်းကို နောက်ဆုံးကိုင်တွယ်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ သြဂုတ်လမှာ ထုတ်ပယ်ခံခဲ့ရတာပါ။
ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့ဖူးတဲ့ ကာရစ်ဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ မယ်ဒယ်ဘရော့ အသင်းကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ အသင်းရဲ့ နည်းပြရာထူးအတွက် ကွင်းလယ်လူဟောင်း ဖလက်ချာကို တာဝန်ပေးထားပြီး သူဟာ ဘရိုက်တန်အသင်းနဲ့ FA ဖလားတတိယအဆင့်ပွဲကို အပြည့်အဝ အာရုံစိုက်ထားတယ် လို့ ပြောခဲ့ပါတယ်။
Source: BBC
