CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀

ယူနိုက်တက်အသင်းဟာ စပါးအသင်းကို အိမ်ကွင်းမှာ ဂိုးပြတ် အရေးနိမ့်ပြီးနောက် နည်းပြ အဲရစ်တန်ဟတ်ဟာ ထုတ်ပယ်ခံရမယ့် ဖိအားတွေအောက်ကို ရောက်ရှိလာခဲ့ပေမယ့် သူကတော့ ဒီအကြောင်းကို စဉ်းစားသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ 

အဲရစ်တန်ဟတ်က “ရာထူးကနေ ထုတ်ပယ်ခံရမယ့်အကြောင်းကို ကျနော် မစဉ်းစားပါဘူး။ ကျနော်တို့ဟာ အချိန်လိုအပ်တယ်ဆိုတာကို သိပါတယ်။ ကျနော်တို့ဟာ စာမျက်နှာတစ်မျက်နှာ ဒါမှမဟုတ် လှေတစ်စီးအပေါ်မှာ ရှိနေကြပြီး အားလုံးအတူတကွ ရှိနေကြဖို့ ဆုံးဖြတ်ထားပါတယ်။ ကျနော် စိုးရိမ်မှုမရှိပါဘူး။ ကျနော်တို့အတွက် ပွဲအသစ်၊ နေ့အသစ်တွေ ရောက်လာမှာဖြစ်ပြီး ရလဒ်ဆိုးတွေကနေ ကျနော်တို့ပြန်လာနိုင်မှာပါ”လို့ ပြောခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ စပါးအသင်းကို အိမ်ကွင်းမှာ ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်အသင်းဟာ စပါးအသင်းကို ပွဲချိန် ၃ မိနစ်မှာကတည်းက ဦးဆောင်ဂိုး ပေးခဲ့ရသလို ပထမပိုင်း ပြီးခါနီးမှာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခြင်းကို ခံခဲ့ရတာပါ။ 

အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ ဒုတိယပိုင်းတစ်ပိုင်းလုံး တစ်ယောက်လျော့နဲ့ ကစားခဲ့ရပြီး စပါးအသင်းကို နောက်ထပ်သွင်းဂိုး ၂ ဂိုး ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်း ကစားသမားတွေကိုတွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် အိမ်ကွင်း ၂ ပွဲဆက်တိုက် ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ရပြီး ဒီရာသီ ယှဉ်ပြိုင် ကစားပြီးတဲ့ ၈ ပွဲမှာ ၃ ပွဲသာအနိုင်ရကာ ရလဒ်တွေဆိုးနေခဲ့တာပါ။ 

အဲဒါကြောင့် နည်းပြ အဲရစ်တန်ဟတ်ဟာ ရာထူးကနေ ထုတ်ပယ်ခံရမယ့် ဖိအားတွေကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါ တယ်။ 

ဒါပေမယ့် နည်းပြ အဲရစ်တန်ဟတ်ကတော့ ဒီအပေါ်မှာ သူမစိုးရိမ်ဘဲ ရလဒ်ကောင်းတွေ ပြန်ရယူနိုင်မယ်လို့ ယုံကြည်မှုရှိနေတာပါ။ 

ဒါအပြင် အဲရစ်တန်ဟတ်က ပြီးခဲ့တဲ့ တွမ်တီးအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်က အမှားမျိုးကို စပါးအသင်းနဲ့ပွဲမှာ ထပ်ပြီး ကြုံတွေ့ခဲ့ရတာက မဖြစ်သင့်ဘူးလို့ ပြောခဲ့သလို ဘရူနိုဖာနန်ဒက်စ်ရဲ့ အနီကတ်က ပွဲကို အပြောင်းအလဲ ဖြစ်သွားခဲ့တယ်လို့ လည်း ပြောခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ စပါးအသင်းကို အရေးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်အဆင့် ၁၂ နေရာကို ရောက်ရှိ သွားခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ အောက်တိုဘာလ နိုင်ငံတကာပွဲစဉ် မတိုင်ခင်မှာ ပေါ်တို၊ အက်စတွန်ဗီလာအသင်းတို့နဲ့ ပွဲကြပ်တွေ ဆက်တိုက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲတွေက နည်းပြ အဲရစ်တန်ဟတ်ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေး လာနိုင်တာဖြစ်ပါတယ်။ 

Source: ESPN