CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၉

ယူနိုက်တက်အသင်း အကြီးအကဲတွေဟာ အောက်တိုဘာ ၈ ရက်က တွေ့ဆုံဆွေးနွေးမှုတွေရှိခဲ့ပေမယ့် နည်းပြ အဲရစ်တန်ဟတ်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ 

ယူနိုက်တက်အသင်း ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်၊ CEO ဘာရာဒါ၊ အားကစားဒါရိုက်တာ အက်ရှ်ဝေါ့၊ နည်းစနစ် ဒါရိုက်တာ ဝီလ်ကော့စ်တို့ဟာ INEOS ရုံးချုပ်မှာ တွေ့ဆုံပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။ 

ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ပြီးနောက် ၂ ရက်အကြာမှာ ကလပ်အသင်းအကြီးအကဲတွေရဲ့ တွေ့ဆုံမှုဖြစ်လာခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဒီရလဒ်ကြောင့် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲစလုံး နိုင်ပွဲပျောက်ဆုံးခဲ့တဲ့အတွက် နည်းပြ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေကလည်း ပိုပြီးများပြားလာခဲ့တာပါ။ 

ဒါပေမယ့် ကလပ်အသင်း အကြီးအကဲတွေရဲ့ တွေ့ဆုံမှုမှာ နည်းပြ အဲရစ်တန်ဟတ်ရဲ့ အနာဂတ် အပါအဝင် ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

ဒီတွေ့ဆုံမှုကနေ ဆုံးဖြတ်ချက် မချနိုင်ပေမယ့် ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ် ရာသီအစဆိုးရွားတဲ့ ရလဒ်တွေကြောင့် သူတို့ဟာ နည်းပြ အဲရစ်တန်ဟတ်ကို ထုတ်ပယ်နိုင်ဖွယ်ရှိနေဆဲလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားတာပါ။ 

ယူနိုက်တက်အသင်း ဘုတ်အဖွဲ့ကိုတွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၇ ပွဲ ကစားအပြီးမှာ ရမှတ် ၈ မှတ်သာ ရယူထားနိုင်ပြီး အဆင့် ၁၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ 

အဲရစ်တန်ဟတ်ကတော့ ယူနိုက်တက်အသင်းရဲ့ ရလဒ်တွေက စိတ်ပျက်စရာ ကောင်းနေပေမယ့် ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်နဲ့ အသင်းအကြီးအကဲတွေဟာ သူ့ကိုအချိန် ထပ်ပြီးပေးနိုင်ဖို့ မျှော်လင့်နေတာပါ။ 

တစ်ဖက်မှာတော့ ယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ခဲ့ရင် သူ့ရဲ့နေရာမှာ အစားထိုးဖို့ အသင်းမရှိသေးတဲ့ တူချယ်လ်၊ အယ်လီဂရီတို့ကို ပစ်မှတ်ထားနေသလို လက်ထောက်နည်းပြ နစ္စတယ်ရွိုင်းကို တာဝန်ပေးဖို့လည်း စဉ်းစားနေပါတယ်။ 

ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘရန်ဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲရစ်တန်ဟတ်အနေနဲ့ အသင်းကို ဆက်ပြီးကိုင်တွယ်ခွင့် ရမယ်ဆိုရင် ဒီပွဲကို မဖြစ်မနေ နိုင်ပွဲရရှိအောင် ကိုင်တွယ်နိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ 

Source: Goal