CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၉

လီဗာပူးလ်အသင်းဟာ ဆာလက်ရဲ့နေရာမှာ ရေရှည်အစားထိုးဖို့အတွက် ဒေါ့မွန်အသင်း ကစားသမား အဒီယီမီကို ပစ်မှတ်ထား စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။ 

အသက် ၃၂ နှစ်အရွယ်ရှိ ဆာလက်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပေမယ့် စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု မရရှိသေးတာပါ။ 

အဲဒါကြောင့် ဆာလက်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် ပြင်ပကလပ်တွေနဲ့ အပြောင်းအရွှေ့ ဆွေးနွေးမှုတွေ ပြုလုပ်လို့ရမှာ ဖြစ်ပါတယ်။ 

ဆာလက်ဟာ ပြီးခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ပွဲအပြီးမှာ ဒီရာသီက သူ့ရဲ့ လီဗာပူးလ်အသင်း ကစားသမားဘ၀ နောက်ဆုံးရာသီ ဖြစ်နိုင်တယ်လို့ ပြောထားတာပါ။ 

Sky Sports က လီဗာပူးလ်အသင်းဟာ ဒေါ့မွန်အသင်းရဲ့ မြန်နှုန်းမြင့် ကစားသမား အဒီယီမီကို စိတ်ဝင်စားနေပြီး ဆာလက်ရဲ့နေရာမှာ အစားထိုးဖို့ အလားအလာရှိတဲ့သူအဖြစ် သတ်မှတ်ထားတယ်လို့ ဖော်ပြထားပါတယ်။ 

အဒီယီမီကို တွေ့ရစဉ်

အသက် ၂၂ နှစ်အရွယ်ရှိ အဒီယီမီဟာ ဒီရာသီမှာ ဒေါ့မွန်အသင်းအတွက် ၈ ပွဲ ကစားထားတာမှာ ၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားတာကြောင့် လီဗာပူးလ်အသင်း အပါအဝင် အသင်းအချို့ကလည်း သူ့ကို စောင့်ကြည့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ 

ဂျူဗင်တပ်စ်အသင်းဟာ နွေရာသီက အဒီယီမီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ကစားသမားဟာ ဒီအပြောင်းအရွှေ့ ကို ငြင်းပယ်ကာ ဘွန်ဒက်လီဂါမှာ ဆက်ပြီးရှိနေခဲ့တာပါ။ 

ဒါအပြင် ချယ်လ်ဆီးအသင်းကလည်း အဒီယီမီကို စိတ်ဝင်စားခဲ့ပြီး ကစားသမားရဲ့ ကိုယ်စားလှယ်တွေထံ ချဉ်းကပ် ခဲ့ပေမယ့် သူကတော့ ချန်ပီယံလိဂ်မှာ ဆက်ကစားချင်တာကြောင့် ဒီချဉ်းကပ်မှုကို လက်ခံခဲ့ခြင်း မရှိပါဘူး။ 

အဒီယီမီဟာ ဒေါ့မွန်အသင်းက ဆဲလ်တစ်အသင်းကို ၇ ဂိုး-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။ 

၂၀၂၂ ခုနှစ်က ဆဲလ်ဘတ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အဒီယီမီဟာ ဒေါ့မွန်အသင်းအတွက် ၇၄ ပွဲ ကစားထား ပြီး ၁၉ ဂိုးသွင်းယူကာ ၂၀၂၇ ခုနှစ်နွေရာသီအထိ စာချုပ်ရှိနေတာ ဖြစ်ပါတယ်။ 

Source: Metro