CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန် ၂၄
စီးရီးအေကလပ် လာဇီယိုအသင်းဟာ အီတလီအသင်းနည်းပြဟောင်း ဂတ်တူဆိုကို နည်းပြသစ်အဖြစ် ခန့်အပ် ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
ဂတ်တူဆိုဟာ အီတလီအသင်းကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရအောင် ကိုင်တွယ်ပေးနိုင်ခဲ့ခြင်း မရှိတာကြောင့် ပြီးခဲ့တဲ့ဧပြီလမှာ ရာထူးကနေ နုတ်ထွက်ခဲ့တာပါ။
ဒါပေမယ့် ဂတ်တူဆိုဟာ လအနည်းငယ် အကြာမှာ လာဇီယိုအသင်းရဲ့နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။
လာဇီယိုအသင်းက ဂတ်တူဆိုဟာ ကလပ်ရဲ့အားကစားရည်မှန်းချက်တွေ အောင်မြင်အောင် ကူညီပေးနိုင် လိမ့်မယ်လို့ ယုံကြည်ကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားတာပါ။
လာဇီယိုအသင်းဟာ ပြီးခဲ့တဲ့ ရာသီ စီးရီးအေပြိုင်ပွဲမှာ အဆင့် ၉ နေရာနဲ့ အဆုံးသတ်ခဲ့ရသလို အီတလီဖလားဗိုလ်လုပွဲမှာ အင်တာမီလန်အသင်းကို အရေးနိမ့်ခဲ့ပါတယ်။

အဲဒါကြောင့် လာဇီယိုအသင်းဟာ ပြီးခဲ့တဲ့မေလမှာ နည်းပြဆာရီနဲ့ လမ်းခွဲခဲ့တာပါ။
အေစီမီလန်အသင်းနဲ့အတူ ကစားသမားဘဝမှာ အောင်မြင်မှုအများအပြားရယူနိုင်ခဲ့တဲ့ ဂတ်တူဆိုဟာ အီတလီကလပ်တွေဖြစ်တဲ့ အသင်းဟောင်းအေစီမီလန်၊ နာပိုလီ၊ ဖီအိုရင်တီးနားအသင်းတို့ကို ကိုင်တွယ်ခဲ့သလို မာဆေးလ်နဲ့ဗလင်စီယာ အသင်းတို့ကိုလည်း တာဝန်ယူခဲ့ပါတယ်။
ဂတ်တူဆိုဟာ နည်းပြဘဝမှာ ၂၀၂၀ ခုနှစ်က နာပိုလီအသင်းနဲ့ အီတလီဖလားတစ်ကြိမ်တည်းသာ ရယူနိုင်ခဲ့ပြီး အောင်မြင်မှုရယူနိုင်ဖို့ ခက်ခဲနေပါတယ်။
အီတလီအသင်းဟာ ဂတ်တူဆို ထွက်ခွာသွားပြီးကတည်းက နည်းပြသစ် ခန့်အပ်ရခြင်းမရှိသေးဘဲ ဘယ်လ်ဒီနီကို ယာယီကိုင်တွယ်စေခဲ့တာပါ။
သတင်းတွေမှာ အီတလီအသင်းဟာ ယူရို-၂၀၂၀ ဖလားရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ မန်ချီနီကို နည်းပြသစ်အဖြစ်ပြန်လည်ခန့်အပ်မယ်လို့ ဖော်ပြ ထားပါတယ်။
Source:ChannelNewsAsia
