CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅
လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က အန်ဖီးလ်ကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေ ခံနေရတဲ့ တောင်ပံ ကစားသမားဆာလက်ကို အသင်းမှာ ဆက်ရှိစေချင်တယ်လို့ ပြောခဲ့ပါတယ်။
ဗန်ဒိုက်က “ကျနော် သူနဲ့ အရာအားလုံးပြောဖြစ်ပြီး သူ့ကို ဆက်ပြီး ရှိစေချင်တယ်လို့လည်း ကျနော် ပြောခဲ့ပါ တယ်။ ကျနော်ကတော့ သူအကောင်းဆုံးလုပ်ပြီး အသင်းအတွက် ပြန်လာဖို့ မျှော်လင့်ပါတယ်။ ဒါကိုတော့ ကျနော် ထိန်းချုပ်လို့မရပေမယ့် သူက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့အတွက် သူ့ကို ဆက်ပြီးရှိစေချင်တယ်”လို့ ပြောခဲ့တာပါ။
ဆာလက်ဟာ ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် အရန်ခုံပေါ် ထိုင်ခဲ့ရတာကြောင့် လိဒ်စ်အသင်းနဲ့ ၃ ဂိုးစီ သရေကျ တဲ့ ပွဲအပြီးမှာ နည်းပြအာနီဆလော့နဲ့ လီဗာပူးလ်အသင်းကို ဝေဖန်မှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဆာလက်ဟာ အင်တာမီလန်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာပူးလ် အသင်း လူစာရင်းထဲ ပါဝင်ခဲ့ရခြင်း မရှိပါဘူး။

ဆာလက်ကို တွေ့ရစဉ်
ဒါပေမယ့် ဆာလက်ဟာ နည်းပြအာနီဆလော့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းရဲ့ အရန်လူစာရင်းထဲ ပါဝင်ခဲ့ပါတယ်။
ဆာလက်ဟာ ဘရိုက်တန်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲရဲ့ ပထမပိုင်းမှာ လူစားလဲ ဝင်ရောက်လာပြီး တိုက်စစ်မှူး အက်ကီတီကေသွင်းယူတဲ့ ဒုတိယဂိုးကို ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့တာပါ။
ဆာလက်ဟာ ဒီပွဲအပြီးမှာ အီဂျစ် လက်ရွေးစင်အသင်းအတွက် အာဖရိကဖလားပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ ထွက်ခွာသွားခဲ့ ပါတယ်။
ဇန်နဝါရီအပြောင်းအရွှေ့ မတိုင်မီ ဆော်ဒီကလပ်တွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ဆာလက်ဟာ လီဗာပူးလ်အသင်း အတွက် နောက်ဆုံးပွဲ ကစားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။
ဗန်ဒိုက်ကတော့ ဆာလက်ကို အသင်းမှာ ဆက်ရှိစေချင်တယ်လို့ ပြောခဲ့သလို ဒီအခြေအနေကို နည်းပြ အာနီဆလော့က ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။
Source: Goal
