CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၆

ယူနိုက်တက်အသင်းဟာ ဘုန်းမောက်အသင်းနဲ့ ၄ ဂိုးစီ သရေကျပြီး ပရီးမီးယားလိဂ် အိမ်ကွင်း ၃ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့တဲ့အတွက် အလွန်စိတ်ပျက်မိတယ်လို့ နည်းပြအာမိုရင်က ပြောခဲ့ပါတယ်။ 

အာမိုရင်က “ကျနော်တို့ အလွန်စိတ်ပျက်မိပြီး ရလဒ်က လုံးဝကွဲပြားသင့်ပါတယ်။ ဒုတိယပိုင်းအစမှာ ကျနော်တို့ အာရုံစူးစိုက်မှု ဆုံးရှုံးခဲ့ပြီး သူတို့ကို သွင်းဂိုးတွေ ခွင့်ပြုခဲ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့ပွဲထဲ ပြန်လာနိုင်ခဲ့ပြီး ၂ ဂိုး သွင်းယူနိုင်ခဲ့သလို ပွဲကိုအဆုံးသတ်ပစ်ရမှာပါ။ ကျနော်တို့ဟာ ပွဲကိုကြီးစိုးနိုင်ခဲ့သလို အခွင့်အရေးတွေလည်း အများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အသင်းဟာကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပေမယ့် အဆုံးသတ် ပိုင်း ပိုကောင်းအောင်နဲ့ ခံစစ်ပိုင်းတိုးတက်အောင်လုပ်ရမယ်”လို့ ပြောခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဒီပွဲရဲ့ ပွဲချိန် ၇၉ မိနစ်မှာ ကွန်ညာရဲ့ သွင်းဂိုးကြောင့် ဘုန်းမောက်အသင်းကို ၄ ဂိုး-၃ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ၈၄ မိနစ်မှာ ချေပဂိုး ပြန်ပေးခဲ့ရတဲ့အတွက် နိုင်ပွဲနဲ့ ဝေးခဲ့တာပါ။ 

ဒါပေမယ့် ယူနိုက်တက်အသင်းဟာ မိနစ် ၉၀ ပြည့်ပြီး ထပ်ဆောင်းအချိန်ပိုမှာ ဘုန်းမောက်အသင်းရဲ့ ကန်သွင်းမှု ၂ ကြိမ်ကို ဂိုးသမားလမ်းမန်းစ် ကာကွယ်နိုင်ခဲ့တာကြောင့် ကံကောင်းခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ ဘုန်းမောက် ယှဉ်ပြိုင်နေစဉ် 

ဒီပွဲမှာ ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့တဲ့ အာမတ်က အသင်း နိုင်ပွဲမရခဲ့တဲ့အတွက် အဝတ်လဲခန်း ထဲမှာ လူတိုင်းစိတ်ပျက်နေကြတယ်လို့ ပြောခဲ့ပါတယ်။ 

ဒီရာသီ နည်းပြ အာမိုရင် လက်ထက်မှာ ပွဲကစားချိန် မိနစ်အနည်းငယ်သာ ရရှိထားတဲ့ ကွင်းလယ်လူ ကိုဘီမေနူး ဟာ ပွဲချိန် ၆၁ မိနစ်မှာ လူစားလဲဝင်ရောက်ပြီး ကစားခွင့်ရခဲ့ပါတယ်။ 

ဒီပွဲစဉ်အတွင်းမှာ ကိုဘီမေနူးရဲ့ အစ်ကိုဖြစ်သူက "Free Kobbie Mainoo" လို့ရေးသားထားတဲ့ စာတန်းပါ တီရှပ် ဝတ်ဆင်ထားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ 

ကိုဘီမေနူးဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာချင်နေပြီး အသင်းကတော့ အာဖရိကဖလားပြိုင်ပွဲ သွားရောက် ယှဉ်ပြိုင်မယ့် ကစားသမားတွေ အသင်းထံ ပြန်ရောက်ရှိလာမှသာ သူ့ကို ထွက်ခွာခွင့် ပြုနိုင်တာပါ။ 

ဘုန်းမောက်အသင်းကို သရေကျခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ နေရာက ချယ်လ်ဆီးအသင်းနဲ့ ၂ မှတ်ကွာဟနေပါတယ်။ 

Source: CNA