CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇
ယူနိုက်တက်အသင်းဟာ ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်နဲ့ သူ့ရဲ့နည်းပြအဖွဲ့ကို ထုတ်ပယ်မှုအတွက် ပေါင် ၁၆ သန်းနီးပါး ကုန်ကျနိုင်တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အာမိုရင်ဟာ ယူနိုက်တက်အသင်းကို ၁၄ လကြာ ကိုင်တွယ်ပြီးနောက် ဇန်နဝါရီလ ၅ ရက်မှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး သူ့ရဲ့နည်းပြ အဖွဲ့ထဲမှာ ပါဝင်တဲ့ ၅ ဦးလည်း အသင်းကနေ ထွက်ခွာခဲ့ပါတယ်။
ကြာသပတေးနေ့က New York Stock Exchange ထံ တင်သွင်းမှုမှာ အာမိုရင်နဲ့ သူ့ရဲ့နည်းပြအဖွဲ့ကို အသင်း ကနေ ဖယ်ရှားခြားအတွက် ပေါင် ၁၅.၉ သန်းအထိ ကုန်ကျနိုင်တယ်လို့ ဖော်ပြထားတာပါ။
အာမိုရင် အနေနဲ့ သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း အခြားအလုပ်တစ်ခု ရရှိခြင်း ရှိ/မရှိအပေါ် မူတည်ပြီး အတိအကျ ပမာဏကို ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အာမိုရင်ကို နည်းပြအဖြစ် ခန့်အပ်မှုနဲ့ ထုတ်ပယ်မှုတို့အတွက် ပေးခဲ့ရမှုဟာ စုစုပေါင်း ပေါင် ၂၇ သန်းနီးပါး ရှိသွားပြီလို့ သိရပါတယ်။
ယူနိုက်တက်အသင်းဟာ အာမိုရင်ကို ခေါ်ယူနိုင်ဖို့ စပို့တင်းလစ္စဘွန်းအသင်းကို ပေါင် ၈.၃ သန်းပေးခဲ့ရပြီး အလုပ်ကို စောစီးစွာ စတင်နိုင်ဖို့အတွက် နောက်ထပ်ပေါင် ၉ သိန်း ပေးခဲ့ရပါတယ်။

မိုက်ကယ်ကာရစ်ကို တွေ့ရစဉ်
အာမိုရင်ဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၇ ခုနှစ်၊ ဇွန်လအထိ စာချုပ်ရှိနေပြီး တစ်နှစ်ကိုပေါင် ၆.၅ သန်း ရရှိနေ တာကြောင့် အသင်းဟာ သူ့ရဲ့စာချုပ် ကျန်ရှိတဲ့အချိန်အထိ ပေါင် ၁၀.၀၅ သန်းပေးရဖို့ ရှိနေတာပါ။
ယူနိုက်တက်အသင်းဟာ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ကို ထုတ်ပယ်မှုနဲ့ အားကစားဒါရိုက်တာ အက်ရှ်ဝေါ့ ထွက်ခွာမှုတို့အတွက် ပေါင် ၁၄.၅ သန်း အသုံးပြုခဲ့ရပါတယ်။
အာမိုရင်ဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၆၃ ပွဲမှာ ၂၄ ပွဲသာ နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဆိုးရွားတဲ့ မှတ်တမ်းဆိုးတွေ အများကြီး ရရှိခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ အာမိုရင်ကို ထုတ်ပယ်ပြီးနောက် ယူ-၁၈ အသင်း နည်းပြ ဖလက်ချာကို ၂ ပွဲ ကိုင်တွယ် စေခဲ့ပြီး ဒီနောက်ပိုင်းမှာ မိုက်ကယ်ကာရစ်ကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ နည်းပြ မိုက်ကယ်ကာရစ် လက်ထက်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၅ ပွဲနိုင်၊ ၁ ပွဲ သရေနဲ့ ရလဒ်ကောင်းတွေ ရရှိပြီး အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
Source: Dailymail
