CNI Sport News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇

ဘိုကာဂျူနီယာအသင်းမှာ ရုန်းကန်နေရတဲ့ ဝါရင့်တိုက်စစ်မှူး ကာဗာနီကို ကစားသမား ဘဝကနေ အနားယူဖို့ အာဂျင်တီးနားဂန္ထဝင် အော်စကာရူဂီရီက ပြောခဲ့ပါတယ်။ 

အော်စကာရူဂီရီက “သူဟာကစားတာကို ရပ်တန့်ရမှာပါ။ ကျနော်တို့ ၂ ကြိမ်၊ ၃ ကြိမ်လောက်ပဲ တွေ့ဖူးပေမယ့် လှောင်ပြောင်ခံခဲ့ရတဲ့ သူ့ကိုမြင်တွေ့ရတာ နာကျင်ဖို့ ကောင်းပါတယ်။ အသက် ၄၀ အရွယ်မှာ အာဂျင်တီးနားမှာ ကစားဖို့ ခက်ခဲပါတယ်။ သူဟာ အခြေအနေတွေကို ပြောင်းလဲပြီး ထွက်ခွာချင်တာကြောင့် အနားယူဖို့ ဆုံးဖြတ် ချက် မချဘူးလို့ထင်ကြောင်း” ပြောခဲ့တာပါ။ 

အသက် ၃၉ နှစ်အရွယ်ရှိ ကာဗာနီဟာ စက်တင်ဘာလ နောက်ပိုင်း ပထမဆုံးအကြိမ် ဘိုကာဂျူနီယာ အသင်းရဲ့ ပွဲထွက် လူစာရင်းထဲ ပါဝင်ခွင့်ရခဲ့တဲ့ ရေဆင်းအသင်းနဲ့ပွဲမှာ အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေ ခံခဲ့ရတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်းဟာ ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှာ ဘိုကာဂျူနီယာအသင်းနဲ့ စာချုပ်ချုပ်ခဲ့ပြီး အသင်းရဲ့ ခေါင်းဆောင်မှု အစုအဖွဲ့ထဲမှာ ပါဝင်နေတာပါ။ 

ကာဗာနီကို တွေ့ရစဉ်

ကာဗာနီဟာ ၂၀၂၃ ရာသီမှာ ဘိုကာဂျူနီယာအသင်းအတွက် ၃ ဂိုး သွင်းယူနိုင်ခဲ့ပြီး ၂၀၂၄ ရာသီမှာ ဂိုး ၂၀ သွင်းယူ နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ကာဗာနီဟာ ၂၀၂၅ ရာသီမှာတော့ ၅ ဂိုးသာ သွင်းယူနိုင်ခဲ့တာပါ။ 

ကာဗာနီဟာ ဒဏ်ရာတွေကြောင့် ၂၀၂၆ ရာသီမှာဆိုရင် ဘိုကာဂျူနီယာအသင်းအတွက် ၂ ပွဲသာ ကစားထား နိုင်ပါတယ်။

အဲ့ဒါကြောင့် အာဂျင်တီးနားအသင်းနဲ့အတူ ၁၉၈၆ ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ အော်စကာရူဂီရီက ကာဗာနီကို အနားယူသင့်တယ်လို့ ပြောလာခဲ့တာပါ။ 

ကာဗာနီဟာ အသက် ၃၀ နှစ် နောက်ပိုင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး အချက်အလက်တွေအရ သူဟာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းမှာ ဒဏ်ရာကြောင့် ပွဲပေါင်း ၃၆ ပွဲ လွဲချော်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

ကာဗာနီဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ ဘောလုံးလောကကနေ အနားယူတော့မယ်လို့ ကြေညာခဲ့ပေမယ့် ၂၀၂၆ ခုနှစ်ထဲမှာ ပွဲတွေ ပြန်ပါဝင်ပြီး ကစားနေတာဖြစ်ပါတယ်။ 

Source: Dailymail