CNI Sport News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇

ယူနိုက်တက်အသင်း ကွင်းလယ်လူဟောင်း လင်ဂတ်ဟာ ဘရာဇီးကလပ် ကိုရင်သီယန်စ်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ ဘရာဇီးလ်သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

လင်ဂတ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ FC ဆိုးလ်အသင်းကနေ ထွက်ခွာပြီးနောက် အသင်းလက်မဲ့အဖြစ် ရှိနေ တာပါ။ 

အင်္ဂလန်ကစားသမားဟောင်းဟာ နှစ်ပေါင်း ၃၁ နှစ်အကြာမှ ဘရာဇီးလ်စီးရီးအေထံ တန်းပြန်တက်နိုင်ခဲ့တဲ့ ရီမိုအသင်းနဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် ရာသီကုန်အထိ ကိုရင်သီယန်စ်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ ESPN နဲ့ Globo သတင်းနှစ်ခုစလုံးက ဖော်ပြခဲ့ပါတယ်။ 

ကိုရင်သီယန်စ်အသင်းဟာ လင်ဂတ်နဲ့ စာချုပ်ချုပ်ဖို့ သဘောတူညီမှု ရရှိထားပြီး မကြာမီမှာ အပြီးသတ်နိုင်ဖို့ မျှော်လင့်နေတာပါ။

ဒီအပြောင်းအရွှေ့သာဖြစ်ခဲ့ရင် လင်ဂတ်ဟာ ကိုရင်သီယန်စ်အသင်းမှာ ယူနိုက်တက်အသင်းဖော်ဟောင်း ဒီပိုင်းနဲ့ ပြန်တွဲဖက်ပြီး ကစားရမှာ ဖြစ်ပါတယ်။

ဒီပိုင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ကိုရင်သီယန်စ်အသင်းအတွက် ၅၁ ပွဲ ကစားခဲ့ပြီး ၁၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ 

လင်ဂတ်ကို တွေ့ရစဉ်

ကိုရင်သီယန်စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဘရာဇီးလ်စီးရီးအေမှာ အဆင့် ၁၃ နေရာ ရပ်တည်ခဲ့ပေမယ့် Campeonato Paulista နဲ့ Copa do Brasil တို့ကို ရယူနိုင်ခဲ့တာကြောင့် ဒီနှစ် ကိုပါလီဘာတေးဒိုးစ်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။ 

လင်ဂတ်ဟာ FC ဆိုးလ်အသင်းကနေ ထွက်ခွာအပြီးမှာ အသင်းအများအပြားနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ဘရာဇီးလ်ထံ သွားရောက်ပြီး သူ့ရဲ့နောက်ထပ် အခန်းကဏ္ဍအသစ်ကို စတင်ဖို့ရှိနေတာပါ။ 

အသက် ၃၃ နှစ်အရွယ်ရှိ လင်ဂတ်ဟာ FC ဆိုးလ်အသင်းအတွက် ၆၇ ပွဲ ကစားခဲ့ပြီး ၁၉ ဂိုးသွင်းယူကာ အာရှ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ 

Source: Metro