CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၆
ချယ်လ်ဆီးအသင်း နည်းပြဘဝ အဆိုးရွားဆုံး ၄၈ နာရီကြာ ခံစားခဲ့ရကြောင်း ပြောကြားပြီးနောက် သူနဲ့ အသင်း အကြီးအကဲတွေအကြားမှာ အဆင်မပြေမှုတွေ ရှိနိုင်တယ်လို့ ထင်ကြေးတွေ ထွက်ပေါ်နေပေမယ့် နည်းပြ မာရက်စ်ကာက ချယ်လ်ဆီးအသင်းမှာ ပျော်ရွှင်တယ်လို့ ပြောခဲ့ပါတယ်။
မာရက်စ်ကာက “ကျနော် ဒီအကြောင်းပြောပြီးပါပြီ၊ ဘာမှထပ်ဖြည့်စရာ မရှိတော့ပါဘူး။ ကျနော်ဟာ ခင်ဗျားတို့ရဲ့ အမြင်တွေရော လူတွေရဲ့ အမြင်တွေကိုလည်း လေးစားပေမယ့် ကျနော် ထပ်ပြောစရာ ဘာမှမရှိတော့ပါဘူး။ လူတိုင်း သူတို့ထင်နေတာကို ပြောနိုင်တဲ့ခေတ်မှာ ကျနော်တို့ ရှိနေတာပါ။ ချယ်လ်ဆီးမှာ လုံးဝပျော်ရွှင်ပြီး အပြည့်အဝ အာရုံစိုက်ထားပါတယ်”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းက အဲဗာတန်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ နည်းပြ မာရက်စ်ကာက သူဟာ အသင်းကို ရောက်ရှိလာပြီးကတည်းက နောက်ဆုံး ၄၈ နာရီဟာ အဆိုးရွားဆုံး ၄၈ နာရီ ဖြစ်ပြီး အကြောင်းရင်းကတော့ လူအများစုက သူတို့ကို မထောက်ခံကြတော့တာကြောင့်လို့ ပြောခဲ့ပါတယ်။

မာရက်စ်ကာကို တွေ့ရစဉ်
ချယ်လ်ဆီးအသင်းဟာ အဲဗာတန်အသင်းကို အနိုင်မရမီ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ တာပါ။
ကာဒစ်ဖ်အသင်းနဲ့ ယှဉ်ပြိုင်မယ့် ကာရာဘောင်းဖလား ပွဲစဉ်မတိုင်မီမှာ မာရက်စ်ကာကို ဒီပြောဆိုမှုနဲ့ ပတ်သက်ပြီး မေးမြန်းချိန်မှာ သူဟာ ထပ်ဖြေဆိုဖို့ ငြင်းဆန်သွားခဲ့ပါတယ်။
အီတလီလူမျိုးနည်းပြ မာရက်စ်ကာဟာ ချယ်လ်ဆီးအသင်းကို ၂၀၂၄ ခုနှစ်မှာ စတင် ကိုင်တွယ်ခဲ့တာဖြစ်ပြီး အသင်းကို ကွန်းဖရန့်လိဂ်နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၄ နေရာ ရပ်တည်နေသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၃ နဲ့ ကာရာဘောင်းဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့် ရောက်ရှိနေတာဖြစ်ပါတယ်။
Source: Dailymail
