CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀
ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲမှာ ရမှတ်တွေ ဆုံးရှုံးခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်ထဲ နောက်ဆုံး ကစားမယ့် ဘုန်းမောက်အသင်းနဲ့ပွဲမှာ ရလဒ်ကောင်းရယူပြီး အဆုံးသတ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ နည်းပြ မာရက်စ်ကာက ပြောခဲ့ပါတယ်။
မာရက်စ်ကာက “နှစ်တစ်နှစ်ကို အကောင်းဆုံးနည်းလမ်းနဲ့ အဆုံးသတ်ဖို့က အလွန် အရေးကြီးလာပါပြီ။ ဒီပွဲက လည်း နောက်ထပ် ခက်ခဲတဲ့ပွဲဖြစ်လာဖို့ရှိပြီး ဘာလို့လဲဆိုရင် သူတို့အားလုံးက အတူတူပါပဲ။ ဒါပေမယ့် ကျနော် တို့ဟာ ပွဲတွေကို အနိုင်ရဖို့လိုအပ်ပါတယ်။ ကျနော်တို့ ယုံကြည်မှုရှိဖို့လိုအပ်ပြီး အရှေ့ကအသင်းတွေနဲ့ နီးစပ် နိုင်မယ်လို့ မျှော်လင့်ကြောင်း ကျနော်တို့ တွေးဖို့လိုပါတယ်”လို့ သတင်းထောက်တွေနဲ့တွေ့ဆုံချိန်မှာ ပြောခဲ့ တာပါ။
ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲမှာ နယူးကာဆယ်အသင်းနဲ့ ၂ ဂိုးစီသရေ၊ အက်စတွန်ဗီလာအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။
အဲ့ဒါကြောင့် ချယ်လ်ဆီးအသင်းဟာ ထိပ်ဆုံး ၄ သင်း အပြင်ဘက်ဖြစ်တဲ့ အဆင့် ၅ နေရာကို ရောက်ရှိသွားခဲ့ပြီး အဆင့် ၁ နေရာက အာဆင်နယ်အသင်းနဲ့ ၁၃ မှတ် ကွာဟသွားခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးနဲ့ အက်စတွန်ဗီလာအသင်း ယှဉ်ပြိုင်နေစဉ်
ချယ်လ်ဆီးအသင်းကို ဖီဖာကလပ်ကမ္ဘာ့ဖလားနဲ့ ကွန်းဖရန့်လိဂ် ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ နည်းပြ မာရက်စ်ကာက အက်စတွန်ဗီလာအသင်းနဲ့ပွဲစဉ်က အသင်းရဲ့ ပထမပိုင်း စွမ်းဆောင်ရည်ကို ကျေနပ်တယ်လို့ ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီပွဲရဲ့ ပထမပိုင်းမှာ အက်စတွန်ဗီလာအသင်းကို အသာစီး ကစားနိုင်ခဲ့ပြီး ဂိုးပေါက် ကန်သွင်းမှု ၁ ကြိမ်မှ ခွင့်ပြုခဲ့ရခြင်း မရှိပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုးနဲ့ အနိုင်ဂိုးပေးခဲ့ရပြီး အရေးနိမ့်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ သွင်းဂိုးတွေ ခွင့်ပြုခဲ့ရပြီးနောက်မှာ ထိန်းချုပ်နိုင်စွမ်း အနည်းငယ် ဆုံးရှုံးသွားခဲ့တဲ့အတွက် ဒါကို ဘယ်လိုပိုကောင်းအောင် ကိုင်တွယ်ရမလဲဆိုတာ နားလည်ဖို့ လိုအပ်တယ်လို့လည်း နည်းပြမာရက်စ်ကာက ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီရာသီ အိမ်ကွင်းပွဲတွေမှာ အနိုင်ရလဒ် ရယူတာကနေ ရမှတ်ဆုံးရှုံးမှု ၁၁ မှတ်အထိ ရှိထားတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီပွဲပြီးရင် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA
