CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀

၂၀၂၅ အာဖရိကဖလားပြိုင်ပွဲရဲ့ အိမ်ရှင်အသင်းဖြစ်တဲ့ မော်ရိုကိုအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ ဇမ်ဘီယာ အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရပြီး ၁၆ သင်းအဆင့် တက်နိုင်ခဲ့ပါတယ်။ 

ဒီပွဲမှာ မော်ရိုကိုအသင်းအတွက် အယ်လ်ကာဘီက ၂ ဂိုးသွင်းခဲ့ပြီး ဘရာဟင်ဒီယက်ဇ်က ၁ ဂိုးသွင်းခဲ့တာပါ။ 

မော်ရိုကိုအသင်းဟာ အုပ်စုပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ရမှတ် ၇ မှတ်နဲ့ ထိပ်ဆုံးနေရာ ရပ်တည်ပြီး ၁၆ သင်းအဆင့် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အုပ်စု A ရဲ့ နောက်ထပ် ပွဲစဉ်တစ်ပွဲမှာ ကိုမိုရို့စ်နဲ့ မာလီအသင်းတို့ ဂိုးမရှိ သရေကျခဲ့တာကြောင့် မာလီအသင်းက အုပ်စုဒုတိယနဲ့ ၁၆ သင်းအဆင့် တက်နိုင်ခဲ့ပါတယ်။ 

မော်ရိုကိုအသင်းနည်းပြ ရီဂရာဂီက “လွယ်ကူတဲ့ပွဲ မဟုတ်ခဲ့ပေမယ့် သေချာ လုပ်ဆောင်ထားတဲ့ ပွဲအစီအစဉ် ကြောင့် ကျနော်တို့ လိုချင်တဲ့ရလဒ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ကျနော်တို့က အိမ်ရှင်အသင်း ဖြစ်တာ ကြောင့် ကျနော်တို့ရဲ့ ပွဲတွေကို ဗိုလ်လုပွဲလို အမြဲတမ်း ကစားရမှာပါ။ ကျနော်တို့ အနောက်မှာ အားပေးနေတဲ့ ပရိသတ်တွေ အများကြီးရှိတဲ့အတွက် ကစားသမားတွေ အားလုံးဟာ ပွဲတိုင်းကို အကောင်းဆုံး ကြိုးစားနေ ကြပါတယ်”လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

မော်ရိုကိုအသင်းကို တွေ့ရစဉ် 

လွန်ခဲ့တဲ့ ၈ ပတ်နီးပါးက ချန်ပီယံလိဂ်ပွဲစဉ်မှာ ရခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ ဟာကီမီ ဟာ ဒီပွဲရဲ့ ပွဲချိန် ၆၄ မိနစ်မှာ မော်ရိုကိုအသင်းအတွက် လူစားဝင်အဖြစ် ပါဝင်ကစားသွားခဲ့ပါတယ်။ 

ဟာကီမီဟာ ဒဏ်ရာကြောင့် အာဖရိကဖလားပြိုင်ပွဲမှာ မော်ရိုကိုအသင်းအတွက် ပါဝင်နိုင်ဖို့ မသေချာခဲ့ပေမယ့် ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်တွေမှာ သူ့ရဲ့ လုပ်ဆောင်မှုတွေကြောင့် စောစီးစွာပြန်ကစားနိုင်ခဲ့တာပါ။ 

မော်ရိုကိုအသင်းဟာ အာဖရိကဖလား ၁၆ သင်းအဆင့်မှာ အကောင်းဆုံးအုပ်စု တတိယရရှိမယ့် အသင်း ၄ သင်း ထဲက ၁ သင်းနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။ 

အာဖရိကဖလားပြိုင်ပွဲ အုပ်စု B ရဲ့ ပွဲစဉ်တွေလည်း ပြီးဆုံးသွားပြီဖြစ်ပြီး အီဂျစ်အသင်းက အုပ်စုပထမ၊ တောင်အာဖရိကအသင်းက အုပ်စုဒုတိယနဲ့ ၁၆ သင်းအဆင့် တက်နိုင်ခဲ့ပါတယ်။ 

Source: ESPN